မြန်မာအပေါ် အရေးယူဆောင်ရွက်ရေး ကုလလုံခြုံ‌ရေးကောင်စီကို ဘိုင်ဒင် တိုက်တွန်း

မြန်မာအပေါ် အရေးယူဆောင်ရွက်ရေး ကုလလုံခြုံ‌ရေးကောင်စီကို ဘိုင်ဒင် တိုက်တွန်း

မတ် ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး မြန်မာ၊ အီသီယိုးပီးယား၊ လစ်ဗျား၊ ဆီးရီးယားနှင့် ယီမင် အရေးကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ အဆောတလျင်လုပ်ဆောင်ရန် ပန်ကြားပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“သမ္မတ ဘိုင်ဒင်က ယခုလထဲမှာ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာ၀န်ကို အမေရိကန် ရယူမှုနဲ့အတူ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ရဲ့ ကြီးကြပ်အုပ်ချုပ်မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ မြန်မာ၊ အီသီယိုးပီးယား၊ လစ်ဗျား၊ ဆီးရီးယားနှင့် ယီမင် အပါအ၀င် ဒေသဆိုင်ရာ အရေးအခင်းကိစ္စတွေအပေါ် ကုလလုံခြုံရေးကောင်စီဘက်က အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တန်ဖိုးများကို အခြေပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအပေါ် အမေရိကန်၏ ကတိပြုအာမခံကြောင်းနှင့် ကုလ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြန်လည် ပတ်သက်ဆက်ဆံမှုတို့ကို အစည်းအဝေးအတွင်း ဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့သည်။

အလားတူ ရာသီဥတုနှင့် လုံခြုံရေးဆိုင်ရာ ကုလ မိတ်ဆွေများ အဖွဲ့တွင် တရား၀င် ပူးပေါင်းလိုသည့် အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်ကိုလည်း သမ္မတ ဘိုင်ဒင်က ထုတ်ဖော်သွားခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly