မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသရန် အိန္ဒိယ Ukhrul မြို့ရှိ အမျိုးသမီးများ ဆုတောင်းပွဲ ပြုလုပ်

By Ukhrul Times
19 March 2021
မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသရန် အိန္ဒိယ Ukhrul မြို့ရှိ အမျိုးသမီးများ ဆုတောင်းပွဲ ပြုလုပ်

မတ် ၁၉

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများနှင့်အတူ တစ်သားတည်းရှိကြောင်း ပြသရန်အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Ukhrul မြို့တွင် ကြာသပတေးနေ့က အမျိုးသမီးတစ်ရာကျော် ဆုတောင်းပွဲတစ်ခု၌ စု‌ဝေးပါဝင်ခဲ့ကြသည်။

အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် စစ်တပ်၏ လက်ရှိလုပ်နေဆဲ ဖြိုခွင်းနှိမ်နင်းမှုများအပေါ် ရှုတ်ချခြင်း ဖြစ်သလို အိမ်နီးချင်းနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေး စုပေါင်း တောင်းဆိုမှုလည်း ဖြစ်သည့် အဆိုပါ ဝမ်းနည်းကြေကွဲသော ဆုတောင်းခြင်းအခမ်းအနားသည် နာရီနှင့်ချီကြာသည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပြီး ယင်းကို ဒေသစံတော်ချိန် မနက် ၁၁ နာရီ ခွဲတွင် စတင်ပြီး မွန်းလွဲ ၁၂ နာရီ ခွဲအထိ ဆက်လုပ်ခဲ့သည်။

၀မ်းနည်းခြင်း သင်္ကေတတစ်ခုအဖြစ် ဝတ်ဆင်လေ့ရှိသည့် ရိုးရာ Tangkhul လွှမ်းခြုံပတ်ထားသော ဝတ်ရုံတစ်မျိုးဖြစ်သည့် ‘Kathi Kashan’ ကို ဝတ်ဆင်ထားသည့် အမျိုးသမီးများသည် အဆိုပါ ဆုတောင်းခြင်းအခမ်းအနားတွင် ပါဝင်ခဲ့ကြစဉ် “ကုလနှင့် အိန္ဒိယ ကြားဝင်ပေးရမည်” ၊ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး” ၊ “သွေးထွက်သံယိုမှုက ဖြေရှင်းချက်နည်းလမ်းတစ်ခု မဟုတ်” ၊ “အာဏာသိမ်းစစ်အုပ်စုနှင့် နိုင်လိုမင်းထက်ပြုမှု” ၊ “မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေး” နှင့် အခြား လက်ကိုင်ပိုစတာများ ကိုင်ထားခဲ့ကြသည်။

အဆိုပါ စုဝေးပွဲကို Tangkhul Shanao Long (TSL-Tangkhul အမျိုးသမီးများ အဖွဲ့ချုပ်) က စီစဉ်ခဲ့ခြင်း ဖြစ်ပြီး “မိမိတို့သည်လည်း မြန်မာနိုင်ငံရှိ ညီအကို၊ မောင်နှမများနှင့် အတူရှိပါသည်” နှင့် “မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ရရှိရေး” ဆိုသည့် ခေါင်းစည်းစာတန်းများနှင့်အတူ Winotang ရုံးဝန်းအတွင်း ပြုလုပ်ခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုအောက်မှာ လက်ရှိ ကျရောက်နေသည့် မြန်မာပြည်သူများကို ထောက်ခံပြီး အတူတစ်သားတည်း ရှိကြောင်း ပြသရန်နှင့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးရန်အတွက် ယခု စုဝေးမှုကို စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း TSL ဥက္ကဋ္ဌ ဗီရိုနီကာ ဇင်းခိုင်က အခမ်းအနားတွင် ပြောသွားခဲ့သည်။

“ခရစ်ယာန်တွေဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ ကရုဏာတော်ကို တောင်းခံတဲ့ ဆုတောင်းမှုနဲ့ စုဝေးပွဲတစ်ခု လုပ်တာက ကျွန်မတို့အတွက် လျော်ကန်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေရဲ့ စိတ်ဆန္ဒနဲ့ အမြင်တွေကို ဘုရားသခင်က ပြောင်းလဲပေးနိုင်လို့ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“ဒီ ဆုတောင်းစုဝေးပွဲကနေတဆင့် ကျွန်မတို့ဟာ အတောမသတ်တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ အတိဒုက္ခ ကွန်ရက်တစ်ခုထဲမှာ ပိတ်မိနေတဲ့ အကို၊ မောင်၊ ညီအမ၊ အမ တွေအားလုံးဆီ ကျွန်မတို့ လက်ကမ်းပေးခြင်း ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

ထို့ပြင် လူမဆန်သော စစ်တပ် တိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားထားခဲ့သူများထံ အကူအညီများ ပေးအပ်ရန်အတွက် TSL သည် ရူပီး ၆၉,၀၀၀ အထိ စုဆောင်းရရှိထားကြောင်းနှင့် ထိုငွေများကို ပြီးခဲ့သည့်အပတ်အတွင်း ယင်း၏ အဖွဲ့ဝင်များနှင့် မြို့တွင်းရှိ မတူညီ‌သော အရပ်ဒေသများမှ စေတနာရှင်အလှူရှင်များက ထည့်ဝင်ပေးထားခြင်းဖြစ်ကြောင်း သူမက အသိပေးပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အာဏာသိမ်းစစ်အုပ်စု ကျူးလွန်သော လူမဆန်မှုများအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း TKS ဥက္ကဋ္ဌ ရှီမရီ ရိုင်ဆင်းကလည်း ထုတ်ဖော်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly