အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒူးထောက်ပြီး မေတ္တာရပ်ခံလိုကြောင်း ပုပ်ရဟန်းမင်းကြီး ပြော

အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒူးထောက်ပြီး မေတ္တာရပ်ခံလိုကြောင်း ပုပ်ရဟန်းမင်းကြီး ပြော
Photo: EPA

မတ် ၁၈

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတွေဘက်က အကြမ်းဖက်ဖြိုခွင်းနေတာတွေကို ရပ်တန့်စေဖို့အတွက် သူလည်းပဲ မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ ဒူးထောက်ပြီး မေတ္တာရပ်ခံလိုပါတယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မတ်လ ၁၇ ရက်က ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုတွေ ဆက်ရှိနေခဲ့စဉ်မှာ မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ပုပ်ရဟန်းမင်းကြီးက တွစ်တာမှာ ရေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတွက် “အလွန်တရာ ၀မ်းနည်းမိတယ်” လို့လည်း ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

“နိုင်ငံအတွက် မျှော်လင့်ချက်တွေ ဆောင်ကြဉ်းနိုင်ဖို့ ကြိုးပမ်းရင်းနဲ့ လူငယ်တွေအပါအ၀င် လူတွေအများကြီး အသက်တွေ ဆုံးရှုံးနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ၀မ်းနည်းစိတ်နဲ့အတူ ထပ်မံ ပြောရပါဦးမယ်၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် မိမိလည်းပဲ မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ ဒူးထောက်ပန်ကြားပြောလိုပါတယ်၊ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ပါ၊ ဆွေးနွေးညှိနှိုင်းမှုသာ ဖြစ်ပေါ်နိုင်ကြပါစေ” ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly