လူသတ်သမား ပူတင်က တန်ဖိုးပေးဆပ်ရမယ်လို့ ဂျိုးဘိုင်ဒင် ပြောအပြီး ရုရှက သံအမတ်ကို ပြန်လည်ခေါ်ယူ

လူသတ်သမား ပူတင်က တန်ဖိုးပေးဆပ်ရမယ်လို့ ဂျိုးဘိုင်ဒင် ပြောအပြီး ရုရှက သံအမတ်ကို ပြန်လည်ခေါ်ယူ
Photo: EPA

ရုရှသမ္မတ ဗလာဒီမာပူတင်ကို လူသတ်သမားဆိုပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရည်ညွှန်းပြောဆိုပြီး ရွေးကောက်ပွဲမှာ ကြားဝင်နှောင့်ယှက်တဲ့အတွက် တန်ဖိုးပြန်ပေးဆပ်ရမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်အတွက် ပထမဆုံး အရေးကြီးတဲ့ သံတမန်ပဋိပက္ခဖြစ်စေမယ့် ဒီ ပြောဆိုမှုနောက်မှာ ရုရှနိုင်ငံဟာ ရုရှဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆွေးနွေးတိုင်ပင်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ရုရှခေါင်းဆောင်ဟာ ၂၀၂၀ နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို နစ်နာအောင် လုပ်ပြီး ဒေါ်နယ်ထရမ့်ကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးသတင်းနဲ့ ပတ်သက်ပြီး ABC News နဲ့ အင်တာဗျူးက ဂျိုးဘိုင်ဒင်ကို မေးမြန်းခဲ့တာပါ။

“သူ(ပူတင်)အနေနဲ့ တန်ဖိုး ပြန်ပေးဆပ်ရမယ်”ဆိုပြီး အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒင်က ပြေပါတယ်။

ရုရှအတိုက်အခံခေါင်းဆောင် အလက်ဇီးနာဗယ်နိုင်းနဲ့ အခြား ပြိုင်ဖက်တွေကို အဆိပ်ခတ် သတ်ဖြတ်ဖို့ ပူတင်က အမိန့်ပေးခဲ့တာလို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ထင်သလဲလို့ မေးမြန်းတာကိုလည်း ဂျိုးဘိုင်ဒင်က ‘လူသတ်သမားတစ်ယောက်လို့ ကျွန်တော် ပြောတယ်”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

အခု အင်တာဗျူး မတိုင်ခင်မှာလည်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ နာဗယ်နိုင်းကို အဆိပ်ခတ်တဲ့အတွက် အပြစ်ဒဏ်ပေးတဲ့အနေနဲ့ ရုရှအပေါ် ပို့ကုန်တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ကြောင်း ကြေညာထားတာပဲ ဖြစ်ပါတယ်။

ရုရှဟာ သံအမတ်ကြီးကို နိုင်ငံရင်း ပြန်လည်ခေါ်ယူပြီး တုံ့ပြန်ခဲ့ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖတ်ဆယ်မရတဲ့ ယိုယွင်းပျက်စီးမှုကို အဖြစ်မခံလိုဘူးလို့ အလေးအနက်ထား ပြောပါတယ်။

“ဝါရှင်တန်က ရုရှသံအမတ်ကြီး အနာတိုလီအန်တိုနော့ဗ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးမှာ ဘယ်လိုသွားမယ်၊ ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာကို သုံးသပ်ဖို့ ရည်ရွယ်ပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက် ပြန်လည်ခေါ်ယူတာပါ”ဆိုပြီး ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှ-အမေရိကန် ဆက်ဆံရေး နောက်ထပ် ယိုယွင်းဆိုးဝါးလာတာတွေရဲ့ တာဝန်ရှိမှုဟာ အမေရိကန်ပေါ်မှာ အပြည့်အဝ မှီတည်နေပါတယ်လို့ ရုရှဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေးရိုင်ယက်ကော့ဗ်က RIA Novosti သတင်းဌာနကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly