အိန္ဒိယနိုင်ငံထဲ ၀င်ရောက်ခိုလှုံသည့် မြန်မာများကို နေရပ်ပြန်မပို့ဘဲ ကူညီရန် မီဇိုရမ်အမတ်က အစိုးရကို တိုက်တွန်း

အိန္ဒိယနိုင်ငံထဲ ၀င်ရောက်ခိုလှုံသည့် မြန်မာများကို နေရပ်ပြန်မပို့ဘဲ ကူညီရန် မီဇိုရမ်အမတ်က အစိုးရကို တိုက်တွန်း
Photo: AFP

မတ် ၁၇

မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံထဲ ၀င်ရောက်ခိုလှုံလာကြသည့် မြန်မာများကို နေရပ်ပြန်မပို့ဘဲ အကူအညီပေးရေးအတွက် မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးက အင်္ဂါနေ့တွင် အိန္ဒိယအစိုးရကို တိုက်တွန်းပြောဆိုလိုက်သည်။

အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကို ကြောက်ရွံ့ပြီး မြန်မာဘက်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး၀င်ရောက်ထားခဲ့သူပေါင်း ၃၀၀ ကျော်ထဲတွင် ကိုယ်၀န်ဆောင်အမျိုးသမီးများနှင့် ကလေးများလည်း ပါ၀င်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

မီဇို အမျိုးသားတပ်ဦး (MNF) ပါတီမှ အမတ်တစ်ဦးဖြစ်သည့် ကေ ဗန်လယ်ဗီနာက The Hindu ကို ပြောကြားရာတွင် အိန္ဒိယပြည်ထဲရေး၀န်ကြီးဌာနသည် ပြောစကားများကို အဓိပ္ပါယ်ထွေပြားအောင် သုံးစွဲပြောဆိုနေကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ နေရပ်ပြန်ပို့မည်မဟုတ်ဟု ပြည်နယ်၀န်ကြီးချုပ်ကို မကြာသေးခင်က အာမခံထားသော်လည်း တစ်ခြားတစ်ဘက်တွင်လည်း အဆိုပါ ၀န်ကြီးဌာနသည် နာဂလန်း၊ အရူနာချယ် ပရာဒက်ရှ်၊ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်အစိုးရများထံ စာပို့ပြီး အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာသူများကို ခွဲခြားဖော်ထုတ်ပြီး နေရပ်ပြန်ပို့သင့်သည်ဟု ပြောထားကြောင်း ဗန်လယ်ဗီနာက ပြောခဲ့သည်။ အဆိုပါ ပြည်နယ်လေးခုသည် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေကြသည်။

“နယ်စပ်ကို ဖြတ်ကျော်၀င်ရောက်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်အနက်မှာ ရဲ၀န်ထမ်း ၁၅၀ လောက် ပါ၀င်ပါတယ်၊ သူတို့ကတော့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ထောက်ခံရပ်တည်တဲ့သူတွေပါ၊ ပြည်နယ်အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက သူတို့ကို မဆိုင်းမတွပဲ အကူအညီတွေ၊ နေရာထိုင်ခင်းတွေ ပေးထားခဲ့ပါတယ်၊ တစ်ချိန်တည်းမှာလည်းပဲ ပြည်ထဲ‌ရေး၀န်ကြီးဌာနကလည်း မြန်မာဘက်ကနေ တိမ်းရှောင်လာသူတွေကို လက်သင့်မခံဖို့ ညွှန်ကြားမှုတွေ ပေးထားပါတယ်” ဟု မစ္စတာ ဗန်လယ်ဗီနာက အိန္ဒိယလွှတ်တော်အစည်းအဝေးတစ်ရပ်တွင် ပြောခဲ့သည်။

“ဗဟိုအစိုးရဘက်က သူတို့ကို နေရပ်ပြန်ပို့ဖို့ပဲ ဆက်ပြောနေမယ်ဆိုရင် မီဇိုရမ်ပြည်နယ်ထဲက လူ‌တွေက သဘောတွေ့မှာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ စည်းမျဥ်းတွေကို ထိန်းသိမ်းကာကွယ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တိုက်တွန်းအားပေးမှုတွေ လုပ်ရမယ့် တာ၀န်ရှိပါတယ်၊ သူတို့တွေက ကျွန်တော်တို့ရဲ့ ညီအကိုတွေပါပဲ၊ သူတို့ကို မြန်မာနိုင်ငံဘက် ပြန်ပို့တာက သူတို့ကို သတ်လိုက်သလိုမျိုး အဓိပ္ပါယ်ထွက်ပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly