မာရှယ်လောအောက်မှာ စစ်မြေပြင်ဖြစ်သွားတဲ့ လှိုင်သာယာ

 မာရှယ်လောအောက်မှာ စစ်မြေပြင်ဖြစ်သွားတဲ့ လှိုင်သာယာ
Photo: EPA

နိုင်ငံရဲ့ အကြီးဆုံး ရန်ကုန်မြို့က စက်မှုဇုန်နယ်မြေဖြစ်တဲ့ လှိုင်သာယာဖက်ကနေ ဗုဒ္ဓဟူးနေ့မှာ မီးခိုးတွေ လိမ့်တက်နေတာကို မြင်တွေ့ရပြီး မာရှယ်လော အုပ်ချုပ်ရေးအောက်မှာ အတားအဆီးတွေကို မီးရှို့တာ၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်တာတွေနဲ့အတူ လှိုင်သာယာမြို့နယ်ဟာ စစ်မြေပြင်သဖွယ် ပြောင်းလဲသွားခဲ့ရပါပြီ။

သီတင်းပတ် ခုနစ်ပတ်လောက်က စစ်တပ်ရဲ့ အာဏာသိမ်းခဲ့မှုကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်း တော်လှန်ရေးအတွင်းမှာ အတက်ကြွဆုံး နေရာတွေထဲက တစ်နေရာဖြစ်တဲ့ လှိုင်သာယာမှာ စိုးရိမ်ထိတ်လန့်ကြတဲ့ ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေးကြရပါတယ်။

ဆန္ဒပြသူတွေကို နှိပ်ကွပ်နိုင်ဖို့ စစ်အုပ်စုဟာအလွန်ကျွံအင်အား တိုးပြီး ဖြန့်ကြက်လာခဲ့ပါတယ်။ ဖြိုခွင်းမှုတွေအတွင်းမှာ သေဆုံးရသူပေါင်း ၂၀၀ ကျော်ထက်မနည်း ရှိနေပါပြီ။

တနင်္ဂနွေနေ့ကတော့ အာဏာသိမ်းပြီးကစလို့ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး လူပေါင်း ၇၀ ကျော်ထက်မနည်း သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ဒီ သေဆုံးသူတွေမှာ တိုက်ပွဲနယ်မြေ ဖြစ်ရတဲ့ လှိုင်သာယာက သေဆုံးသူဦးရေဟာ အများဆုံးပါပဲ။

စစ်အုပ်စုဟာ လှိုင်သာယာမှာ တနင်္ဂနွေနေ့က မာရှယ်လော ထုတ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆန္ဒပြအင်အားများရာ မြို့နယ်တွေမှာပါ မာရှယ်လော ထုတ်ခဲ့တာကြောင့် ပြည်သူ နှစ်သန်းနီးပါးဟာ စစ်တပ်တပ်မမှူးတွေရဲ့ အလုံးစုံ ထိန်းချုပ်ခံအဖြစ်ကို ရောက်ရှိနေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အများစုဖြစ်တဲ့ လှိုင်သာယာက လူတွေဟာ ထရပ်ကားတွေပေါ် ပစ္စည်းတွေ တင်ပြီး မိသားစုလိုက် မွေးရပ်မြေဆီကို ပြန်နေကြပါပြီ၊ အချို့ကလည်း ဆိုင်ကယ်တွေပေါ် ရရာပစ္စည်းတွေတင်ပြီး ပြန်နေကြပါတယ်။

မြင်ကွင်းတွေက စစ်တလင်းအတိုင်းပဲလို့ မပြန်ဘဲ ကျန်ရစ်သူတွေက ပြောကြပါတယ်။

“တစ်ညလုံး သေနတ်ပစ်သံတွေ မစဲဘူး၊ ကျွန်တော်တို့ အိပ်တောင် မအိပ်နိုင်ကြဘူး”လို့ ဒေသခံတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ လမ်းပေါ်ထွက်ရင်တောင် လုံခြုံရေးတပ်တွေရဲ့ ပစ်မှတ်ဖြစ်သွားမှာ စိုးရိမ်လို့ လမ်းထွက်လျှောက်ရဖို့တောင် လူတွေက စိုးရိမ်ပူပန်နေပြီလို့ ဖြည့်စွက်ပြောပါတယ်။

“အခု လက်ရှိမှာ လမ်းတွေပေါ် ထွက်တဲ့ သူ တော်တော်လေး နည်းသွားပြီ”ဆိုပြီး သူက ပြောပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမာခံ ဆန္ဒပြသူတွေကတော့ အင်္ဂါနေ့ ညနေပိုင်းမှာ မြို့ရဲ့ မိန်းလမ်းမတွေဆီ ပေါက်တဲ့ တံတားတစ်စင်းမှာ စခန်းချထားပါတယ်။ ခေါင်းဆောင်း အမာစားတွေ၊ ဓာတ်ငွေ့ကာတွေ ဝတ်ဆင်ပြီး ဒိုင်းတွေကိုင်လို့ စခန်းချထားတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ကတော့ ကားတာယာတွေ၊ သစ်သားတွေ၊ သဲအိတ်တွေ၊ ဝါးလုံးတွေနဲ့ အတားအဆီးတွေ ဆောက်ထားကြတာပါ။

တစ်ချို့ အတားအဆီးတွေ မီးရှို့ခံရတာကြောင့် လူသူကင်းမဲ့တဲ့ လမ်းတွေရဲ့ အထက်မှာ မီးခိုးလုံးမည်းတွေ လွင့်တက်နေပါတော့တယ်။

လှိုင်သာယာဖက်ဆီ ရိုက်ကူးထားတဲ့ အေအက်ဖ်ပီက ရရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ၁၅ စက္ကန့်လောက်အတွင်း တရစပ် သေနတ်ပစ်သံတွေ မနားတမ်း ကြားရပါတယ်။

မိုဘိုင်းအင်တာနက်ကိုလည်း စစ်အုပ်စုက ပိတ်ဆို့ထားတာကြောင့် စစ်တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးမှုနဲ့ အကြမ်းဖက်မှု သတင်းတွေ လူမှုမီဒီယာပေါ် စီးဆင်းမှု နည်းပါးနေပါတယ်။ 

တနင်္လာနေ့ အစောပိုင်းကစလို့ နိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုဘိုင်းအင်တာနက် အသုံးပြုလို့ မရတော့ပါ။ ညတိုင်းလည်း ရှစ်နာရီကြာ အင်တာနက်ကို ပိတ်ခံထားရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုအတွင်း သေဆုံးသူ ၂၀၀ ကျော်ထက်မနည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ပြောပြီး သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကလည်း အင်္ဂါနေ့မှာ ရှုတ်ချထားပါတယ်။ ဒါအပြင် ဖမ်းဆီးထားချိန်အတွင်း နှိပ်စက်ညှဥ်းပန်းတာတွေနဲ့ သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly