မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများ - အချိန်ဇယား

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများ - အချိန်ဇယား

ဇန်နဝါရီ၂၈  -  အာဏာသိမ်းသည့်နေ့မတိုင်မီ ရှေ့ရက်များအတွင်း အာဏာသိမ်းမည့် အရိပ်အယောင် လက္ခဏာများ စတင်ပေါ်ထွက်နေခဲ့စဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံမှ ယင်းအပေါ် ပထမဆုံးသော သတိပေးတုံ့ပြန်မှုအနေဖြင့် မြန်မာစစ်တပ်ကို ဒီမိုကရေစီ စံသတ်မှတ်ချက်များအတိုင်း လိုက်နာကျင့်သုံးရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ဇန်နဝါရီ၂၉  -  အနောက်အုပ်စု နိုင်ငံ ၁၆ နိုင်ငံကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံရှိ သံရုံးများနှင့် သံကိုယ်စားလှယ်အဖွဲ့များထံမှ ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထွက်ရှိခဲ့ပြီး ထိုထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲများ၏ရလဒ်ကို ပြောင်းလဲမည့် သို့မဟုတ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုကို ဟန့်တားမည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည်။

ဖေဖေါ်ဝါရီ ၁  -  အာဏာသိမ်းလိုက်ပြီဆိုသည့် သတင်းများ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနှင့်လွှတ်တော်အမတ်များ မတရားဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ နိုင်ငံတော်ယန္တရားကိုစစ်တပ်က ထိန်းချုပ်လိုက်ခြင်း၊ နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခြင်း၊ နိုင်ငံအားအရေးပေါ် အခြေအနေ တစ်နှစ် ကြေညာခြင်း) ပေါ်ထွက်လာခဲ့ချိန်တွင် နိုင်ငံတကာ၏ တုံ့ပြန်မှုများ မဆိုင်းမတွပင် ထွက်ပေါ်ခဲ့ပြီး နိုင်ငံအများအပြားက မြန်မာစစ်တပ်၏ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။
 
ဒီမိုကရေစီ ကူးပြောင်းမှုကို တိုက်စားပျက်ယွင်းစေမည့် လုပ်ရပ်များ မြန်မာစစ်တပ်က  လုပ်ဆောင်ခဲ့မှုအပေါ် စိုးရိမ်ကြောင့်ကြကြောင်းနှင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အဖွဲ့အစည်းများကို ထောက်ခံကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုတွင် တာ၀န်ရှိသူများအပေါ် ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုများ ချမှတ်မည့် ယင်း၏ ရည်ရွယ်ချက်ကိုလည်း အမေရိကန်က ထုတ်ဖော်ခဲ့သည်။
 
စစ်တပ်အာဏာသိမ်းမှုကို အီးယူကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။ 
 
မြန်မာနိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအကာအကွယ်အောက်တွင်ရှိပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာအတွက် တစ်စုတစ်စည်းတည်း ရပ်တည်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘက်ချက်လက်က သတိပေးတိုက်တွန်းခဲ့သည်။
 
စစ်တပ်၏ အာဏာသိမ်းယူမှုက “လက်ခံနိုင်စရာ မရှိ” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ပြောခဲ့ပြီး ဖြစ်ပျက်ခဲ့မှုများအပေါ် လက်မခံဘဲ ပယ်ချကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။

ဖေဖေါ်ဝါရီ ၂  -  အာဆီယံသည် မြန်မာစစ်တပ်၏ လုပ်ဆောင်မှုကို အာဏာသိမ်းမှုတစ်ခုအဖြစ် လူသိရှင်ကြား လက်ခံရန် ငြင်းဆန်ရင်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရေးအတွက် တောင်းဆိုခဲ့သည်။
 
မြန်မာစစ်တပ် အာဏာသိမ်းမှုကို ‘အစိုးရ ပြန်လည်ဖွဲ့စည်းခြင်း’ ဟု တရုတ်နိုင်ငံက ဆင်ဟွာသတင်းဌာနကတဆင့် ရည်ညွှန်းပြောဆိုခဲ့သလို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို စစ်တပ်က ထိန်းချုပ်သိမ်းယူမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ‘လွှဲအပ်ခြင်း’ ဟု တရုတ်က ဖော်ပြခဲ့သည်။
 
ထို့ပြင် မြန်မာစစ်တပ် အာဏာသိမ်းမှုသည် ရွေးကောက်ပွဲ၏ ရလဒ်များနောက်ပိုင်း ပေါ်ပေါက်လာသော သဘောထားကွဲလွဲမှုများနှင့်ပတ်သက်သည့် ‘ပြည်တွင်း သဘောကွဲလွဲမှုတစ်ခု’ ဖြစ်ကြောင်းရုရှားက ပြောခဲ့သည်။ 

ဖေဖေါ်ဝါရီ ၃  -  ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ယင်း၏ပထမဆုံး အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့သည်။ ယူကေက အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အစည်းအဝေး အစီအစဉ်ကို ဦးတည်လမ်းကြောင်းပေးခဲ့ကာ တံခါးပိတ်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို နိုင်ငံများအကြား သဘောတူညီချက် ရရှိရန်နှင့် တင်းမာမှုများ လျှော့ချရန်ကြိုးပမ်းမှုတစ်ခုအဖြစ် ‘ညှိနှိုင်းဆွေးနွေးခြင်းများ’ ဟု သိခဲ့ကြသည်။ ကောင်စီတွင် ယူကေကပြင်ဆင်ခဲ့သော ထုတ်ပြန်ချက်မူကြမ်းတစ်စောင် တင်ပြခဲ့ပြီး ယင်းကို မြန်မာ့အရေးကို “တက်တက်ကြွကြွ ပါ၀င်လုပ်ဆောင်နေသည့်” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက ရှင်းလင်းတင်ပြခဲ့သည်။
 
အဓိပ္ပါယ်ရှိ လေးနက်သော အ‌ရေးယူမှုများ ပြုလုပ်ရန် အဟန့်အတားဖြစ်စေသည့် ၀င်ရောက်မစွက်ဖက်ရေး စည်းမျဉ်းကို တရားသေစွဲကိုင်ထားသော ရုရှားနှင့် တရုတ်တို့ထံမှ ထောက်ခံမှုကို ရယူနိုင်ခဲ့ခြင်း မရှိသည့်အတွက် ကောင်စီသည် မြန်မာစစ်တပ်အာဏာရယူမှုကို အာဏာသိမ်းမှုအဖြစ် တရား၀င် လက်ခံအသိအမှတ်ပြုပြီးရှုတ်ချပြစ်တင်သည့် ပူးတွဲကြေညာချက်တစ်စောင်အတွက် သဘောတူညီချက် မရရှိခဲ့ပေ။
 
ယင်းအစား ကောင်စီက မြန်မာစစ်တပ်၏ လုပ်ဆောင်ချက်များကြောင့် မြန်မာအတွက် နက်နက်နဲနဲစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သလို ညှိနှိုင်းဆွေးနွေးမှုနှင့် အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းအတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် အာဆီယံနိုင်ငံများကလည်း ထောက်ကူပံ့ပိုးရန် ယင်းက တောင်းဆိုခဲ့သည်။
 
ယင်းအတွက်ကြောင့် ဘက်ပေါင်းစုံပါ၀င်သော ဒဏ်ခတ်အ‌ရေးယူမှုများ ချမှတ်မည့် ကောင်စီ၏လုပ်ပိုင်ခွင့်အာဏာဖြင့် ပံ့ပိုးသော ထုတ်ပြန်ချက် အလားအလာသည် မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် ထင်ရှားလုံလောက်သည့် ဖိအားများ ကျင့်သုံးနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မြန်မာပြည်သူများကိုတိုး၍သာ သီးခြားဖြစ်စေလျက် ကျန်နေစေခဲ့သည်။ ယင်းအတွက်ကြောင့် အဆိုပါ ထုတ်ပြန်ချက် သည် မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် ထင်ရှားလုံလောက်သည့် ဖိအားပေးနိုင်ခြင်းမရှိခဲ့ဘဲ မြန်မာပြည်သူများကို တိုး၍သာ အားကိုးရာမဲ့ဖြစ်စေခဲ့သည်။
 
မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံအများအပြားနှင့် ကုလ ကိုယ်စားလှယ်များသည် တစ်ပေါင်းတစ်စည်းတည်းရှိပြီး ညှိနှိုင်းဆောင်ရွက်မှုရှိသည့် နိုင်ငံတကာ တုံ့ပြန်မှုများကို ဆက်လက် တောင်းဆိုနေခဲ့သည်။

ဖေဖေါ်ဝါရီ ၄    သမ္မတ ဘိုင်ဒင် ဦး‌ဆောင်သော အမေရိကန်အစိုးရသည် မြန်မာစစ်တပ် အာဏာရယူခြင်းကိုအာဏာသိမ်းမှုအဖြစ် ဖေဖေါ်ဝါရီ ၂ ရက်တွင် အတိအကျ သတ်မှတ်ပြောဆိုခဲ့သည့်အတွက် စစ်အစိုးရအတွက် နိုင်ငံခြား အကူအညီများအပေါ် ပိတ်ပင်ကန့်သတ်မှုများကို ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က လူသားချင်းစာနာမှု အကူအညီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို ဆက်လက်ထောက်ပံ့ပေးခဲ့သည်။ Magnitsky Act အက်ဥပဒေအောက်တွင် မြန်မာစစ်တပ် အဆင့်မြင့်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီးသား ဖြစ်သော်လည်း အမေရိကန်အစိုးရသည်အထူးပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုများ ချမှတ်မည့် အမိန့်ညွှန်ကြားချက်သစ်တစ်ခု ထုတ်ပြန်နိုင်သည့် အလားအလာကို ထုတ်ဖော်ခဲ့သည်။
 
တစ်ချိန်တည်းမှာပင် အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့နှင့် အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနတို့သည် ဒေသတွင်းနှင့် ကမ္ဘာတ၀န်းရှိ ပါတနာများ၊ မဟာမိတ်များနှင့် ‘တိုင်ပင်ဆွေးနွေးခြင်း၊  ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ခြင်း’ တို့ကို စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားရေး၀န်ကြီးဌာနသည်မြန်မာထံ ယင်း၏ နိုင်ငံခြား အကူအညီပေးမှုအပေါ် ပြန်လည်သုံးသပ်မှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။
 

ဖေဖေါ်ဝါရီ ၁၁   -  ဖေဖေါ်ဝါရီ ၄ ရက်တွင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမည်ဖြင့် နယူးယော့ခ် Federal Reserve ဘဏ်မှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို ထုတ်ယူရန် ကြိုးပမ်းခဲ့ရာဖက်ဒရယ် လုံခြုံရေးပိုင်းက တားဆီးပိတ်ဆို့ခဲ့ရသည်။ အစိုးရ တာ၀န်ရှိသူများသည် ထိုငွေအလွှဲအပြောင်းအတွက် အတည်ပြုချက်ကို ထုတ်မပေးဘဲ ရပ်တန့်ထားခဲ့သည်။  ထို့နောက် သမ္မတ ဘိုင်ဒင်က၎င်း ယခင်က လျာထားခဲ့သည့် အမိန့်ညွှန်ကြားချက်ကို ဖေဖေါ်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ရာတွင်အထက်ပါ ငွေအလွှဲအပြောင်းကို တရား၀င် အကန့်အသတ်မရှိ ပိတ်ဆို့ထားစေသည်။
 
ခြုံငုံကြည့်ပါက စစ်တပ်မှ တာ၀န်ရှိအကြီးအကဲများနှင့် ဆက်စပ် ပုဂ္ဂိုလ်များအပါအ၀င် လူပုဂ္ဂိုလ် ၁၀ဦးနှင့် စီးပွားရေးလုပ်ငန်း သုံးခုအပေါ် အရေးယူပိတ်ဆို့ဒဏ်ခတ်သည့် အမိန့်ညွှန်ကြားချက် ထွက်ရှိခြင်း၊ သတိထားဆင်ခြင်ရသည့် ကုန်ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခြင်း၊ ကန်ဒေါ်လာ ၄၂ဒသမ ၄ ဘီလီယံရှိ အကူအညီများကို အစိုးရနှင့် ဆက်စပ်သည့် ပရောဂျက်များကနေ အရပ်ဘက် အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်မှုဆီသို့ လမ်းကြောင်းပြောင်းလဲကူညီခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်မှုများ အရှိန်မြင့်ခဲ့စဉ် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ချက်များကို ဆက်လက် ထုတ်ပြန်ခဲ့သလို ကုလသမဂ္ဂ အပါအ၀င် သံတမန် လမ်းကြောင်းများကနေတဆင့်လည်း လုပ်ဆောင်ခဲ့သည်။
 
လမ်းများပေါ်ရှိ ဆန္ဒပြသူများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာပြီး ထင်တိုင်းကြဲ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ တိုးမြင့်လာခဲ့ချိန် နိုင်ငံတကာ တုံ့ပြန်မှုများသည်လည်း စတင် အရှိန်မြင့်တက်လာခဲ့သည်။ သို့သော် ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် လူအသက်ဆုံးရှုံးသည့်အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပြီး ထိုစဥ်က လမ်းပေါ်ထွက် ဆန္ဒပြသူ မမြသွဲ့သွဲ့ခိုင်သည် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ထိမှန်ပြီးနောက် သေဆုံးခဲ့ရသည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့်ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အလွန်အကျွံ အင်အားသုံးပြီး ဥပဒေနှင့်မညီသည့် အမိန့်ညွှန်ကြားချက်များကို လုံခြုံရေးရဲတပ်ဖွဲ့၀င်များဘက်က ဖီဆန်ရမည့် လူ့ကျင့်၀တ်ဆိုင်ရာနှင့် ဥပဒေဆိုင်ရာ ၀တ္တရားတစ်ရပ် ရှိကြောင်း  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က  တွစ်တာတွင် ရေးသားခဲ့သည်။
 
ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ဖေ့ဘွတ်ခ်သည် မြန်မာစစ်တပ်နှင့် ဆက်စပ်ပတ်သက်သော စာမျက်နှာပေ့ချ်များကို စတင် ကန့်သတ်ပိတ်ပင်ခဲ့ပြီး  အရေးပေါ် အခြေအနေအဖြစ် သဘောထားသတ်မှတ်ခဲ့သည်။

ဖေဖေါ်ဝါရီ ၁၈ -  မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှုနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေမှုသည်  တရုတ်တို့ဘက်က မြင်တွေ့လိုသည့် အခြေအနေ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက ဖေဖေါ်ဝါရီ ၁၈ ရက်တွင်ပြောဆိုခဲ့သည်။
 
သို့သော် မြန်မာစစ်အစိုးရကို တရုတ်အစိုးရက ကူညီပေးနေသည် ဆိုသည့် ကောလာဟလများကို သူမက ငြင်းဆန်ပြောဆိုသွားခဲ့ပြီး တရုတ်အစိုးရအနေဖြင့် ဥပဒေ မူဘောင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရညှိနှိုင်းဆွေး‌နွေးမှုများပြုလုပ်ပြီး သဘောကွဲလွဲမှုများကို ဖြေရှင်းရေးကိုသာ မြင်တွေ့လိုခဲ့ကြောင်းပြောခဲ့သည်။

ဖေဖေါ်ဝါရီ ၂၄ -  မြန်မာနိုင်ငံက အဖွဲ့၀င်တစ်နိုင်ငံအဖြစ် ပါ၀င်သည့် အာဆီယံအုပ်စုသည် မြန်မာစစ်အစိုးရအပေါ် သြဇာသက်ရောက်နိုင်ရေးအတွက် သိသာပေါ်လွင်သော အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်ရန် နိုင်ငံအများအပြားနှင့် ကုလ ကိုယ်စားလှယ်များက မျှော်လင့်ခဲ့ကြသည်။
 
အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်နို မာဆူဒီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသည် ဆိုသည့်သတင်းများ ပေါက်ကြားခဲ့ပြီး ထိုကဲ့သို့ မြန်မာသို့ လာရောက်ပြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံခြင်းက စစ်အစိုးရကို တရား၀င် အသိအမှတ်ပြုသည့်သဘောဆောင်သည်ဆိုသောဝေဖန်ဖိအားပေးမှုများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် အင်ဒို၀န်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဖျက်သိမ်းခဲ့ပြီး အစည်းအဝေးကိုလည်း ဘန်ကောက်သို့ နေရာပြောင်းရွှေ့တွေ့ဆုံခဲ့‌သည်။
 
အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးသည် မြန်မာအာဏာသိမ်းစစ်အုပ်စုက ခန့်အပ်သော နိုင်ငံခြားရေး၀န်ကြီး ၀ဏ္ဏမောင်လွင်နှင့်ရော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်များနှင့်ပါ “အကြိတ်အနယ် ဆွေး‌နွေးမှုများ” လုပ်ဆောင်ခဲ့သည်။
 
မတ် ၂  -  အာဆီယံအနေဖြင့် မတ်လ ၂ ရက် ယင်း၏ နိုင်ငံခြားရေး၀န်ကြီးများ၏ အလွတ်သဘော အစည်းအ‌ဝေး မတိုင်ခင်အထိ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တရား၀င် ထင်မြင်သုံးသပ်ချက်များ လုပ်ခဲ့ခြင်း မရှိပေ။ ယင်း၏ ထုတ်ပြန်ချက်က အကြမ်းဖက်မှုများ ထိန်းချုပ်ရေးကို တိုက်တွန်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုမှုအတွက် တစ်ညီတစ်ညွတ်တည်း ဖြစ်မနေခဲ့ပေ။ 
 
ထို့ပြင်  အာဆီယံ၏ ကြား၀င်မစွက်ဖက်ရေး သဘောထားက မြန်မာစစ်တပ် ခေါင်းဆောင်များအပေါ် သြဇာသက်ရောက်ရေး ၊ဒေသတွင်း မတည်မငြိမ်မှုနှင့် လူ့အခွင့်အရေးကို ကိုင်တွယ်မည့် ယင်း၏ လုပ်နိုင်စွမ်းကိုလျော့ပါးစေခဲ့သည်။
 
မြန်မာနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ စင်ကာပူနိုင်ငံက ပိုမိုပြတ်သားသော သဘောကို ထုတ်ပြခဲ့ပြီး ၀န်ကြီးချုပ် လီရှန်လွန်းက “စစ်အာဏာရှင်နိုင်ငံတွင် အနာဂတ်မရှိ” ဟု ဘီဘီစီကနေတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း၏ ပြောစကားများအပေါ် လက်ဆုပ်လက်ကိုင်ပြနိုင်သောအရေးယူမှုများ ပံ့ပိုးထောက်ကူထားခဲ့ခြင်းတော့ မရှိခဲ့ပေ။

ဖေဖေါ်ဝါရီ ၂၄  -  သိသာထင်ရှားမှုတစ်ခုအဖြစ် နိုင်ငံတစ်နိုင်ငံ မဟုတ်သော်လည်း ဖေ့ဘွတ်ခ်သည် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံပိုင် မီဒီယာလုပ်ငန်းများကို ဖေ့ဘွတ်ခ်နှင့်အင်စတာဂရမ်ပေါ်၌ ပိတ်ပင်တားမြစ်ခဲ့သည်။ အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် ရှေ့ကာလတွင်အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါ၀င်ပတ်သက်ကောင်းပတ်သက်နိုင်သည့်အတွက် ယင်းတို့ကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ဖေ့ဘွတ်ခ်က အကြောင်းပြချက်ပေးခဲ့သည်။

ဖေဖေါ်ဝါရီ ၂၈  -  ထို့နောက် နှစ်ရက်အကြာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အထွေထွေညီလာခံဠ် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်စေရေးအတွက် တတ်နိုင်သမျှ အပြင်းထန်ဆုံး အရေးယူလုပ်ဆောင်ချက်များ လုပ်ဆောင်ရန်နှင့် CRPH ကိုထောက်ခံရန်အတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီကို တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံရှိ ပြည်သူများကိုလည်း ဆက်လက်၍ ကြိုးစားတိုက်ပွဲ၀င်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

၎င်း၏ ရဲရင့်မှုအပေါ် ကုလအထွေထွေညီလာခံနှင့် မြန်မာနိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုများ ရှိခဲ့သည်။ သို့သော် နောက်တစ်နေ့တွင် စစ်အာဏာသိမ်းအုပ်စုက ၎င်းကို ၀န်ထမ်းအဖြစ်မှရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။

မတ် ၂  -  မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ကုလဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ကိုခေတ္တအမြဲတမ်းကိုယ်စားလှယ်အဖြစ် မတ်လ ၂ ရက်တွင် ခန့်အပ်ခဲ့သော်လည်း ၎င်းသည် နောက်တစ်နေ့တွင် အကြောင်းပြချက်မပေးဘဲ နုတ်ထွက်ခဲ့သည်။

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် မည်သူ့ကို လက်ခံမည်လဲ ဆိုသည့်ကိစ္စကိုကုလသမဂ္ဂ အထွေထွေညီလာခံ၏ သံတမန်လက်ခံအသိအမှတ်ပြုမှု ကော်မတီသို့ လွှဲအပ်ခဲ့သည်။ ထိုကော်မတီသည် ကုလသမဂ္ဂတွင် သံတမန်ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီး ထွက်ပေါ်သော အငြင်းပွားမှုများကို ဖြေရှင်းသည့် ကော်မတီဖြစ်သည်။

မတ် ၃  -  အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများသည် ဖေဖေါ်ဝါရီ ၂၈ ရက်တွင် သိသိသာသာ အရှိန်မြင့်တက်ခဲ့ပြီးမတ်လ ၃ ရက်တစ်ရက်တည်းတွင် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၃၈ ဦးသေဆုံးခဲ့သည့်အတွက် နိုင်ငံတကာ တုံ့ပြန်မှုများအသစ်များ ထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် လူ့အခွင့်အရေးအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများထံမှ သီတင်းပတ်များကြာ ဖိအားပေးမှုများ ရှိခဲ့ပြီးနောက် သြစတြေးလျ အစိုးရသည် မြန်မာစစ်တပ် အာဏာယူမှုကို အာဏာသိမ်းမှုအဖြစ်လူသိရှင်ကြား ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့ပြင် ဖေဖေါ်၀ါရီ ၆ ရက်တွင် ထိန်းသိမ်းခံထားခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးရေးကိုလည်း ယင်းက တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာစစ်တပ်နှင့်အကြား ယင်း၏ အကန့်အသတ်ရှိ နှစ်ဘက် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဥ်ကို ရပ်ဆိုင်းကြောင်း သြစတြေးလျက ကြေညာခဲ့သည်။ ထို့ပြင် ယင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ်များကိုလည်း မြန်မာအာဏာသိမ်းစစ်အုပ်စုကနေ တစ်ခြားသို့ လမ်းကြောင်းပြောင်းအသုံးပြုကြောင်း ကြေညာခဲ့သည်။

မတ် ၅  -  မတ်လတွင် အမေရိကန်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်မြန်မာနိုင်ငံတွင် သေဆုံးမှုအရေအတွက် တိုးလာနေမှုအပေါ် ဆွေးနွေးရန် ဒုတိယမြောက် တံခါးပိတ်အစည်းအဝေးတစ်ခုကို ခေါ်ယူကျင်းပခဲ့သည်။ မတ်လ ၅ ရက်တွင် မြန်မာဆိုင်ရာ ကုလအထူးသံတမန်ခရစ္စတင်း ရှရန်နာ ဘာဂျီနာက ဗီဒီယိုသတင်းစာရှင်းလင်းပွဲတစ်ခုတွင် “မြန်မာနဲ့ပတ်သက်လို့ ရှင်တို့ရဲ့စည်းလုံးညီညွတ်မှုကို အရင်ကထက် ပိုပြီးလိုအပ်ပါတယ်” ဟု အစည်းအဝေးတွင် ကြိုဆိုပြောခဲ့သည်။
 
ပြည်ဝင်ခွင့်ဗီဇာ ရရန် ငြင်းပယ်ခံထားရသော်လည်း မြန်မာနိုင်ငံတဝှမ်းရှိလူများနှင့် နီးနီးကပ်ကပ်ဆက်လက် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာပြည်သူများကို အကာအကွယ်ပေးနိုင်ခြင်း မရှိသည့်အပေါ် ကုလသမဂ္ဂ၏ ပြင်းထန်သည့် တုန်လှုပ်မှုနှင့် ပြစ်တင်ရှုတ်ချမှုတို့ကို သိရှိစေရန် သူမက ဆက်လက်ပြောပြခဲ့သည်။

မတ် ၁၁    ယင်း၏ ယခင်သဘောထားကနေ သိသာထင်ရှားသော ရှေ့တိုးလုပ်ဆောင်မှုတစ်ခုအဖြစ် ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထုတ်ပြန်ချက်တစ်စောင်ကို ရုရှားနှင့် တရုတ်အပါအ၀င် လုံခြုံရေးကောင်စီအဖွဲ့၀င်များက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။
 
ထိုထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုကို ရှုတ်ချထားခဲ့သလိုအကြမ်းဖက်မှုများကို အစွမ်းကုန် ထိန်းချုပ်တားဆီးရန် နှင့်ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ပြန်လည်ရောက်ရှိရေး အတွက် အားကောင်းသော အလေးပေးပြောဆိုမှုက အာဏာသိမ်းမှုကိုနောက်ပြန်လှည့်ရေးအတွက် တောင်းဆိုမှုတစ်ခု ဖြစ်သည်။
 
ဤထုတ်ပြန်ချက်က သိသာထင်ရှားစွာဖြင့် ဆုံးဖြတ်ချက်တစ်ခု၏ အောက်ရှိ လုပ်ဆောင်ချက်အဆင့်တစ်ခု ဖြစ်သလို ယင်းက ကောင်စီ၏ တရား၀င်မှတ်တမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့သည်။လက်ရှိအချိန်တွင် လုံခြုံရေးကောင်စီသည် ယင်း၏ အခန်းခုနစ် လုပ်ပိုင်ခွင့်အာဏာကို ကိုးကားတိုင်တည်ရန် ဆန္ဒမရှိသေးပေ။ (ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ကျူးကျော်ရန်စမှု လုပ်ရပ်များနှင့်ပတ်သက်ပြီး အလေးထားစိစစ်သုံးသပ် အရေးယူဆောင်ရွက်ခြင်း)

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွန်က ထုတ်ပြန်ချက်တစ်စောင်တွင် ကောင်စီအဖွဲ့၀င်များအနေဖြင့် အသံတစ်သံတည်းဖြင့် ပြောဆိုရန် အရေးကြီးကြောင်း၊ အခြေအနေပြင်းထန်မှုကို အရှိန်လျှော့ချရန် အချိန်ရောက်ပြီ ဖြစ်ကြောင်းနှင့် သံတမန်နည်းနှင့် ညှိနှိုင်းဆွေးနွေးမှုကနေတဆင့် လုပ်ဆောင်ရမည်ဟု ကြေညာခဲ့သည်။

မတ် ၁၂  -  မည်သို့ပင်ဖြစ်စေ နောက်တစ်နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလစုံစမ်းစစ်ဆေးရေးမှူးတွန်အန်ဒရူးစ်က ကုလလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို လုံးလုံးလျားလျား ပြည့်စုံလုံလောက်မှုမရှိဟု ဝေဖန်ခဲ့သည်။ အရပ်သားများအပေါ် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတွင် သတ်ဖြတ်မှုများ၊တစ်ဖက်သတ် ထိန်းသိမ်းဖမ်းဆီးမှုများ၊ ဆန္ဒပြသူများကို ၎င်းတို့၏ နေအိမ်များနှင့်လမ်းများပေါ်တွင်အကြမ်းဖက်မှု၊ ဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မရအောင်စနစ်တကျ လုပ်ဆောင်မှုတို့ ပါ၀င်နေပြီး ထိုကဲ့သို့သော လုပ်ရပ်များက လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအဖြစ် သဘောသက်ရောက်ကြောင်း ၎င်းက လူ့အခွင့်အရေးကောင်စီသို့ တင်ပြသော ၎င်း၏ ဗီဒီယိုတင်ပြချက်ထဲတွင် ခိုင်မာစွာ တင်ပြပြောဆိုခဲ့သည်။

အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ၏ အများသဘောဆန္ဒ မရှိသည့်အချိန် ၎င်းက အဖွဲ့၀င်နိုင်ငံများကိုလည်း အရေး‌ပေါ် ညွန့်ပေါင်းအုပ်စုတစ်ခုအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ၎င်းတို့၏ အရေးယူဒဏ်ခတ်မှုများကို စုစည်းညီညွတ်စွာဖြင့် ညှိနှိုင်းလုပ်ဆောင်ကြရန်တိုက်တွန်းခဲ့သည်။
 
မတ်လ ၁၂ ရက်နေ့တွင် မော်စကိုရှိ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အရပ်သား သေဆုံးမှုအရေအတွက် မြင့်တက်မှုနှင့်ပတ်သက်၍ ကရင်မလင်ဘက်မှ စိုးရိမ်ပူပန်မှုများ တိုးလာခဲ့ခြင်းနှင့်အတူ မြန်မာနှင့်အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားရန် ရုရှားအာဏာပိုင်များအနေဖြင့် စဥ်းစားနေပြီဖြစ်ကြောင်း ပြောခဲ့သည်။ 

ယင်းသည် နိုင်ငံတကာ သဘောထား ဟန်ချက်က မြန်မာစစ်တပ်အုပ်ချုပ်သူများထံကနေ တစ်ခြားဘက်သို့ ရွှေ့ပြောင်းသွားကောင်းသွားနိုင်သည့် လက္ခဏာရပ်တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly