မြန်မာနိုင်ငံမှာ မာရှယ်လောဆိုတာ ဘာလဲ

By Melissa Crouch
17 March 2021
မြန်မာနိုင်ငံမှာ မာရှယ်လောဆိုတာ ဘာလဲ
Photo - AFP

မတ် ၁၇

စစ်အစိုးရသည် မကြာသေးခင်က ရန်ကုန်မြို့၏ မြို့နယ်တစ်ချို့တွင် မာရှယ်လော (martial law) အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ 

မာရှယ်လောဆိုသည်မှာ ဘာလဲနှင့် ယင်းက ပုဒ်မ ၁၄၄ အမိန့်ညွှန်ကြားချက်များနှင့် မည်ကဲ့သို့ ကွဲပြားသလဲ ဆိုသည်ကို သိရှိနားလည်နိုင်ရန် အရေးကြီးသည်။  

လက်ရှိအချိန်တွင် မာရှယ်‌လော ကြေညာခြင်းက အခြေအနေ အလျင်အမြန် ယိုယွင်းဆိုးရွားလာသည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး အဆိုပါ ဧရိယာများတွင် စစ်တပ် တိုက်ရိုက်အုပ်ချုပ်မှု စတင်ခြင်းပင် ဖြစ်သည်။ မာရှယ်လောသည်ပုဒ်မ ၁၄၄ ညွှန်ကြားချက်များနှင့် မတူကွဲပြားသလို ပို၍လည်း ပြင်းထန်သည်။  

ပထမဦးစွာ မာရှယ်လော ဘာလဲ ဆိုသည်ကို သိမှတ်ရန် အရေးကြီးသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄သည် မာရှယ်လော မဟုတ်ပေ။ မီဒီယာ (အထူးသဖြင့် နိုင်ငံတကာ မီဒီယာ) များသည် မကြာခဏဆိုသလို ပုဒ်မ၁၄၄ အမိန့် ထုတ်ခြင်းကို မာရှယ်လောအဖြစ် မှားယွင်းဖော်ပြတတ်ကြသည်။ ပုဒ်မ ၁၄၄ သည် ယေဘုယျအားဖြင့်ကာဖျူး (သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်) ထုတ်ပြန်ပြီး လူစုဝေးမှုများနှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာမှုများအပေါ် ကန့်သတ်ခြင်းဖြစ်သည်။  

ဤကန့်သတ်ချက်များက မာရှယ်လောတွင် ကျွန်ုပ်တို့ မြင်တွေ့နိုင်သည့် ကန့်သတ်ချက်များနှင့် အလားသဏ္ဍာန်တူညီမှု ရှိချင်ရှိနိုင်သည်။ သို့သော် ယင်းသည် မာရှယ်လောသက်သက် မဟုတ်ပေ။ ပုဒ်မ ၁၄၄ သည် ပုံမှန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၏ တစ်စိတ်တစ်ဒေသဖြစ်သည့်  အရေးပေါ် အခွင့်အာဏာသဏ္ဍာန် ဖြင့်စီမံအုပ်ချုပ်မှု ပုံစံတစ်ရပ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ 

ယင်းသို့ ဆိုပါက မာရှယ်လောဆိုသည်က ဘာလဲ။ စစ်တပ်သည် စစ်အုပ်ချုပ်ရေးနှင့် မာရှယ်လော ဆိုသည့်အသုံးအနှုန်း ဝေါဟာရနှစ်ခုကို အပြန်အလှန် အသုံးပြုပုံရသည်။  

Martial Law- မာရှယ်လော  

Military administration- စစ်အုပ်ချုပ်ရေး  

မြန်မာ့သမိုင်းတစ်လျှောက် စစ်အုပ်ချုပ်ရေးနှင့် မာရှယ်လော ထုတ်ပြန်သည့် ကာလများ ရှိခဲ့သည်။ ဥပမာအားဖြင့်၁၉၅၂ ခုနှစ်တွင် အစိုးရသည် ရှမ်းပြည်နယ်၏ နေရာအများစုကို မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။  

၁၉၈၈ ခုနှစ်မှစပြီး ယင်းနောက်ပိုင်း စစ်တပ်သည် ယင်း၏ လုပ်ဆောင်ချက်များကို ရှင်းပြရန် မာရှယ်လော‌‌ဝေါဟာရကို အသုံးပြုခဲ့သည်။ ဥပမာအားဖြင့် ၁၉၈၉ ခုနှစ်မှ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များနှင့် မာရှယ်လောတို့ ပါ၀င်သည့် စာအုပ်တစ်ခု၏ မျက်နှာဖုံးကို ကြည့်နိုင်သည်။  

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌​ဒေကရော ဘယ်လိုလဲ။ ယင်းကရော မာရှယ်လောအတွက် ခွင့်ပြုပေးသလား။  

စစ်တပ်က မကြာသေးခင် ထုတ်ပြန်ခဲ့သည့် သတင်းများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ အောက်ရှိ စစ်အုပ်ချုပ်ရေးကို ရည်ညွှန်းမှုက မာရှယ်လော ဖြစ်မည်ဟု နားလည်ရသည့် အရာအဖြစ် ညွှန်ပြထားခဲ့သည်။ သို့သော်ပုဒ်မ ၄၁၃ သည်  နိုင်ငံတစ်ခု​၏အရေးပေါ် အခြေအနေ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ 

စစ်အုပ်ချုပ်ရေးကို စတင်ရန် ပထမဦးစွာ ပုဒ်မ ၄၁၂ အောက်တွင် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာရန်လိုအပ်ပုံပေါ်သည်။ ယင်းနောက် စစ်အုပ်ချုပ်ရေး ကြေညာမှုကို ပုဒ်မ ၄၁၃(ခ) အောက်တွင် ပြုလုပ်နိုင်ပြီး ယင်းကအုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်သည်။  

ပုဒ်မ ၄၁၂ ကို ဦးသိန်းစိန် အစိုးရ (၂၀၁၁-၂၀၁၆) လက်ထက်က အခြေအနေဖြစ်ရပ်တစ်ချို့တွင် အသုံးပြုခဲ့သော်လည်း ပုဒ်မ ၄၁၃ (ခ) ကို ၂၀၁၅ ခုနှစ်က ကိုးကန့်ဒေသ စစ်ပွဲနှင့် ဆက်စပ်ပြီး တစ်ကြိမ်သာ အသုံးပြုခဲ့သည်။  

အရေးကြီးသည်မှာ ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်သည် ပုဒ်မ ၄၁၂ အောက်တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း မရှိဘဲ ပုဒ်မ ၄၁၉ အောက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် ပုဒ်မ ၄၁၃ (ခ) ကိုအသုံးမပြုနိုင်ဟု ယူဆနိုင်သည်။  

ယမန်နေ့က စစ်တပ် ထုတ်ပြန်ခဲ့သည့် အမိန့်ညွှန်ကြားချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ ကို တိုက်ရိုက်ကိုးကားပြီး ယင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ပိုင်ခွင့်အာဏာအားလုံးကို ကျင့်သုံးနိုင်သည့်သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာကို အပ်နှင်းနိုင်သည့် အခွင့်အာဏာ (နိုင်ငံအား အ‌​ရေးပေါ်အခြေအနေ ကြေငြာပြီးသည့်နောက်လုပ်ငန်းစဥ်တစ်ခုဟု မှတ်ယူရသည်) ဖြစ်သည်။ 

 မတ်လ ၁၄ ရက်မှစ၍ မာရှယ်လော အမိန့်များသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါ ဧရိယာများ၏ စီမံအုပ်ချုပ်မှုအာဏာကို ရန်ကုန်တိုင်းမှူးထံ အပ်နှင်းလိုက်သည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။  

လက်တွေ့အားဖြင့် မာရှယ်လော၏ ဆိုလိုရင်းမှာ ယခုအခါ အဆိုပါ ဧရိယာများကို အရပ်ဘက် အုပ်ချုပ်ရေးမှူးများသို့မဟုတ် တရားသူကြီးများအစား စစ်တပ်က ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။  

စစ်အုပ်ချုပ်ရေး ကာလအတွင်း စစ်တပ်သည် ဤဧရိယာများတွင် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကိုစစ်ဆေးစီရင်ရာတွင် (အရပ်ဘက် တရားသူကြီးများအစား) စစ်ခုံရုံးများဖြင့် စစ်ဆေးကြားနာမှုများအထိလုပ်ဆောင်သွားကောင်းသွားနိုင်သည်။  

ဖြစ်နိုင်ခြေ ရှိသည်က လာမည့် ရက်များ၊ သီတင်းပတ်များတွင် ဤကဲ့သို့ စစ်အုပ်ချုပ်ရေး ကြေညာသည့်မဟာဗျူဟာကို စစ်တပ်က အခြားသော ဧရိယာများတွင်လည်း အသုံးပြုနိုင်သည်။ 

မာရှယ်လော  ထုတ်ပြန်ကြေငြာခြင်းက အလွန့်အလွန် စိတ်ပူပန်မှုကို ဖြစ်စေပြီး စစ်တပ် စစ်တိုင်းမှူးများက အရပ်ဘက် အုပ်ချုပ်ရေးမှူးများထံကနေ စီမံအုပ်ချုပ်ရေးလုပ်ပိုင်ခွင့်ကို လွှဲယူလိုက်ခြင်းကို ညွှန်ပြသည်။  

မာရှယ်လော ထုတ်ခြင်းက မြန်မာနိုင်ငံ​၏ နိုင်ငံရေး အခြေအနေ သိသိသာသာ ယိုယွင်းကျဆင်းခြင်းကိုဖော်ပြသည်။  

မာရှယ်လော အမိန့်ညွှန်ကြားချက်များ အသုံးပြုခြင်းက ပိုမိုကြီးလေးသည့် စိုးရိမ်ပူပန်မှုများအတွက်အကြောင်းတရားတစ်ခု ဖြစ်နိုင်သည်။ သက်ရောက်မှုက ပုဒ်မ ၁၄၄ အမိန့်ညွှန်ကြားချက်များထက် ပိုမို ကြီးလေးပြီး  အကျိုးဆက်လည်း ပိုများသည်။ မာရှယ်လောသည် စစ်တပ် တိုက်ရိုက်အုပ်ချုပ်မှုကို ကိုယ်စားပြု ဖြစ်မြောက်စေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly