မြန်မာ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်သွားရေး ဂျပန် စဥ်းစားသုံးသပ်

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်သွားရေး ဂျပန် စဥ်းစားသုံးသပ်
Photo - AFP

မတ် ၁၆

မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုအပေါ် ဂျပန်အစိုးရဘက်က စောင့်ကြည့်လျက် ရှိပြီး မြန်မာနိုင်ငံရှိ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန်သွားမည် ဆိုသည်ကို သုံးသပ်စဥ်းစားသွားမည်ဟု ဂျပန်အစိုးရအဖွဲ့ အတွင်း၀န်ချုပ် ကက်ဆူနိုဘူ ကာတိုက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ ဘယ်လို တုံပြန်သွားရမလဲ ဆိုတာကို ဂျပန် အစိုးရဘက်က စဉ်းစားသုံးသပ်မှာဖြစ်ပါတယ်၊ အခြား သက်ဆိုင်ရာ နိုင်ငံတွေဘက်က တုံ့ပြန်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်” ဟု ကာတိုက သတင်းထောက်များကို ပြောသွားခဲ့သည်။

ပြီးခဲ့သည့်လက စစ်အာဏာသိမ်းပြီး ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပေါ် အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းမှုများနောက်ပိုင်း မြန်မာနိုင်ငံနှင့်အကြား စစ်ရေး ဆိုင်ရာ အပြန်အလှန် ဖလှယ်မှုများ ရပ်ဆိုင်းပြီး စစ်လက်နက်ပစ္စည်း တင်ပို့မှုကို ပိတ်ပင်ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပြီးနောက် ယခု ဂျပန်အစိုးရတာ၀န်ရှိသူတစ်ဦး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယမန်နေ့ တနင်္လာနေ့တွင် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ရဲ၏ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly