နိုင်ငံတွေအနေနဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသင့်ဟု WHO ပြော 

နိုင်ငံတွေအနေနဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသင့်ဟု WHO ပြော 
Photo - AFP

မတ် ၁၆

နိုင်ငံတွေအနေနဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်အသုံးပြုသွားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ ပြောလာပါတယ်။ 

AstraZeneca ကာကွယ်ဆေးဟာ သွေးခဲမှုဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အစိုးရတော်တော်များများက အဲဒီ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားကြတဲ့နောက်မှာ WHO က ပြောဆိုတိုက်တွန်းလာခဲ့တာပါ။ 

“ကျွန်မတို့အနေနဲ့ လူတွေကို ကြောက်လန့်တကြား မဖြစ်စေချင်ဘူး၊ အဖြစ်လည်း မခံဘူး၊ ခုချိန်မှာ နိုင်ငံတွေအနေနဲ့ AstraZeneca ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြဖို့ အကြံပြုထောက်ခံတယ်”ဟု WHO သိပ္ပံပညာရှင် အကြီးအကဲ ဆွမ်းမီနာသန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးနောက်မှာ သွေးခဲမှုဖြစ်ကြရတယ်ဆိုပြီး အဲဒီ ကာကွယ်ဆေး အသုံးပြုတာကို ရပ်နားကြတဲ့ နိုင်ငံအရေအတွက် ပိုများလာချိန်မှာ ဆွမ်းမီနာသန်က မှတ်ချက်ပြု ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

ဒီ ကာကွယ်ဆေးနဲ့ သွေးခဲမှုဖြစ်ရတဲ့ကြားမှာ ဆက်စပ်တဲ့ အကြောင်းရင်းသက်သေမရှိပါဘူးလို့ သူက အလေးအနက်ထား ပြောပါတယ်။ 

“ခုထိတော့ ကာကွယ်ဆေးနဲ့ သွေးခဲရတယ်ဆိုတဲ့ ဆက်စပ်မှုကို ကျွန်မတို့ မတွေ့ရှိပါ”လို့ သူက ပြောပြီး သာမန်လူဦးရေကြားမှာလည်း သွေးခဲမှုဖြစ်တာမျိုး ဖြစ်နိုင်တာပဲလို့ သူက ထောက်ပြပြောဆိုပါတယ်။ 

ကာကွယ်ဆေး ထိုးနှံပေးပြီးသူတွေကို စောင့်ကြည့်တဲ့အခါမှာ ခုလို သွေးခဲတဲ့ ဖြစ်စဉ်မျိုး ဖြစ်တဲ့ အချိုးအစားနှုန်းထားဟာ ပြောလောက်စရာတောင် မရှိဘူးဆိုပြီး ဆွမ်းမီနာသန်က ပြောပါတယ်။ 

ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီဖြစ်တဲ့ WHO က ကာကွယ်ဆေးများ ဘေးကင်းစိတ်ချရရေး ပညာရှင်တွေဟာ AstraZeneca ကာကွယ်ဆေးရဲ့ အချက်အလက်တွေကုိ စစ်ဆေးစမ်းသပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

“ကာကွယ်ဆေးတွေ ဘေးကင်းစိတ်ချရရေးနဲ့ ပတ်သက်တဲ့ WHO အကြံပေးကောက်မတီဟာ ရရှိထားတဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ပြီးတော့ ဥရောပဆေးပညာရှင်အေဂျင်စီနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်။ ကော်မတီအနေနဲ့ နောက်နေ့မှာ တွေ့ဆုံဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်”ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဟန်နွမ်ဂီဘရီ‌ယေဆက်စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly