ရဲနှင့် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ကျဆုံး

ရဲနှင့် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ကျဆုံး

မတ် ၁၆

မြန်မာနိုင်ငံတွင် ယမန်နေ့ မတ်လ ၁၅ ရက် တနင်္လာနေ့က စစ်တပ်နှင့် ရဲ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ရကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းယူပြီးနောက် နိုင်ငံတ၀န်း ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရင်း ဒီမိုက‌ရေစီ ပြန်လည် ရရှိရေး တောင်းဆိုနေခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့၀င်များက နိုင်ငံတ၀န်း နေ့စဥ်နှင့်အမျှ ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်နေခဲ့ပြီး ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်နှင့် ကျည်အစစ်များ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းထားခဲ့သည်။

နိုင်ငံတွင် ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများကို စောင့်ကြည့်နေခဲ့သည့် ပြည်တွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ တနင်္လာ‌နေ့ အကြမ်းဖက်မှုအတွင်း လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

“သေဆုံး၊ ဒဏ်ရာရမှုတွေက သိသိသာသာ မြင့်တက်နေပါတယ်” ဟု ယင်းက အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် ပြောထားသည်။

ထို့ပြင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယင်းက ပြောသည်။

တနင်္လာနေ့ သေဆုံးမှုများအနက် အများစုသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများဖြစ်ပြီး အချို့မှာ ဆန္ဒပြပွဲများတွင် ပါ၀င်ခြင်းတောင် မရှိသည့် အရပ်သားများဖြစ်ကြောင်း ယင်းက ပြောသည်။

သေဆုံးသူ အများစုသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပြီး ရန်ကုန်တွင်လည်း လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ရန်ကုန်တွင် သေဆုံးခဲ့သူများထဲတွင် အမျိုးသမီးနှစ်ဦး ပါ၀င်ပြီး ၎င်းတို့သည် နေအိမ်တွင် ရှိနေခဲ့စဥ် လုံခြုံရေးတပ်ဖွဲ့၀င်များက လမ်းပေါ်ကနေ ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း AAPP က ပြောခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင်  နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အချက်အလက်ကောက်ယူရရှိနိုင်ခဲ့သည့် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၁၈၃) ဦးရှိခဲ့ပြီဖြစ်သည်။ ထိုထဲတွင် ၁၄ ရက်နေ့၌ လှိုင်သာယာအပါအဝင် ပြည်နယ်တိုင်းအသီးသီးရှိ မြို့နယ်များတွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးကျဆုံးသွားသူ (၇၄) ဦးထိရှိခဲ့ပြီး၊ ယနေ့ ၁၅ ရက်နေ့တွင် ပြည်နယ်တိုင်း အသီးသီးရှိ မြို့နယ်အသီးသီးတွင် အရပ်သားပြည်သူ (၂0) ဦးထက်မနည်း ထပ်မံကျဆုံးခဲ့ရပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly