ဆန္ဒပြသူများအပေါ် လူမဆန်သောလုပ်ရပ်များ ကျူးလွန်ရခြင်းကို အကြိုက်တွေ့နေသည့် မြန်မာစစ်သားများ

ဆန္ဒပြသူများအပေါ် လူမဆန်သောလုပ်ရပ်များ ကျူးလွန်ရခြင်းကို အကြိုက်တွေ့နေသည့် မြန်မာစစ်သားများ
A sister of Chit Min Thu, 25, who was killed in clashes, mourns next to his body during his funeral at the family’s home last week in Yangon, Myanmar. Photo by stringer

မတ် ၁၅

ဗီဒီယိုကလစ်တစ်ခုတွင် ငယ်ရွယ်သည့် မြန်မာစစ်သားများ ထရပ်ကားတစ်စီး၏ ခုံရှည်များတွင် စီတန်းရှိနေပြီး ၎င်းတို့၏လက်နက်များအောက်တွင်လည်း ဓားများ လျှိုသွင်းထားသည်ကို တွေ့မြင်ရသည်။ စစ်သားတစ်ချို့က တစ်လုံးတည်းသော မိုဘိုင်းဖုန်းတစ်လုံးနား ဝိုင်းနေကြချိန် လက်ထဲ၌လည်း စီးကရက်များ ကိုင်ထားကြသည်။ အခြားသူများမှာမူ ၎င်းတို့၏ တူရွင်းပြားများနှင့် ရှိနေကြသည်။

“ငါတို့ အခု သေနတ် မကိုင်တော့ဘူး” ဆိုပြီး အောက်ခြေတွင် ထိုးသော မြန်မာစာတန်းတစ်ကြောင်းတွင် ဖတ်ရှုရပြီး ယင်းသည် ကားကြမ်းပြင်တွင် ပြန့်ကျဲရှိနေသည့် တုံးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာများကို ရည်ညွှန်းသည်။ မက်ဆေ့ချ်က ရှင်းလင်းသည်။ “ငါတို့ ဒီအတိုင်း ပစ်ရုံတင် မဟုတ်ဘူး၊ မြေပါမြှုပ်ပစ်မယ်” ဟုပင် ဖြစ်သည်။

အခြား ဗီဒီယိုထဲတွင် လူငယ်စစ်သားတစ်ဦးက စက်သေနတ်တစ်လက်ကို လှမ်းယူလိုက်ပြီး ၎င်း၏ မျက်နှာနား ဆွဲကပ်ကာ နမ်းလိုက်သည်။ ယင်းနောက် ၎င်း၏ အကြည့်ကို ပြင်ကာ စမတ်ဖုန်းကင်မရာဘက်ကို ပြုံးရင်း စိုက်ကြည့်ခဲ့သည်။ အလားတူ အခြား သီးခြားဗီဒီယိုကလစ်တစ်ခုတွင်လည်း လူငယ်စစ်သားတစ်ယောက်က ၎င်း၏ ဆိုရှယ်မီဒီယာ followers များကို အန္တရာယ်ပြုမယ့်ဟန်ဖြင့် ၎င်း၏လက်ချောင်းများကို လည်ပင်းကို ကန့်လန့်ဖြတ်ကာ ဆွဲပြခဲ့သည်ကို ပြသထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများအကြား သွေးထွက်သံယိုများသော လိပ်ခဲတည်းလည်း အခြေအနေအတွင်း နေ့စဥ် ဖြစ်ပျက်မှုတစ်ခု ဖြစ်လာနေခဲ့သည့် လမ်းပေါ်၌ ထင်တိုင်းကြဲ ပစ်ခတ်နေမှုများကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေသူများအတွက် အထက်ပါကျောချမ်းဖွယ် ပုံရိပ်များက သဲလွန်စတစ်ချို့ကို ပေးကောင်းပေးနိုင်သည်။

TikTok ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး ယင်းနောက်ပိုင်း ပြန်ဖြုတ်ချထားခဲ့သည့် ထိုဗီဒီယိုများသည် အကြောက်တရားကို စွန့်ပယ်ထားသော ၎င်းတို့၏ သက်တူရွယ်တူများအပေါ် လူမဆန်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းနှင့်ပတ်သက်ပြီး လူငယ်စစ်သားများက အမွှမ်းတင်ဂုဏ်ယူပြနေဟန်ရှိသည့် လှုပ်ရှားမှုတစ်ခု၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အကြမ်းဖက်မှုဒဏ်ခံရသည့် အချိန်သည် အသစ်အဆန်းတော့ မဟုတ်ပေ။ စွမ်းအားပြင်းသည့် မောင်းပြန်သေနတ်များ ကိုင်ဆောင်သည့် လူငယ်စစ်သားအများအပြားကို တိုင်းရင်းသား ဒေသ စစ်မြေပြင်များကနေ ပြန်လည် ဆွဲထုတ်ခေါ်ယူပြီး မြို့ပြ ပတ်၀န်းကျင်များအတွင်းသို့ ရွှေ့ပြောင်းပေးထားခဲ့သည်ဟု သုတေသနအသစ်တစ်ရပ်အရ သိရသည်။

မြို့ပြနယ်နမိတ်များအတွင်း လက်ရှိ လှုပ်ရှားနေသော စစ်တပ် တပ်ဖွဲ့များထဲတွင် နိုင်ငံ၏ မကြာလှသေးသော သမိုင်းတွင် အဆိုးဆုံးသော လူမဆန်မှု တစ်ချို့၌ ပါ၀င်ပတ်သက်ထားခဲ့သော ခြေလျင်တပ်များလည်း ပါ၀င်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

တပ်မများအနက် တစ်ခုဖြစ်သည့် တပ်မ ၃၃ သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) မွတ်ဆလင်လူနည်းစုအပေါ် ဖြိုခွင်းနှိမ်နင်းမှုတစ်ခုအတွင်း လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဆက်နွယ်ပတ်သက်ထားခဲ့ပြီး ဖြစ်သည်။

၎င်းတို့အပေါ်  တုံ့ပြန်မှု အတိုင်းအတာပမာဏကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့ရခြင်းနှင့်အတူ အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဤကဲ့သို့ ဆိုးရွားသော တပ်ဖွဲ့၀င်များကို တပ်ဖြန့်ရင်း ထင်တိုင်းကြဲ တစ်ဖက်သတ် ဖမ်းဆီးခြင်း၊ အပြင်းအထန် ရိုက်နှက်ခြင်းများ၊ ညပိုင်း ၀င်စီးနင်းခြင်းများနှင့် လူစုဝေးမှုများအတွင်း အသက်သေစေသည်အထိ ပစ်သည့် ခြိမ်းခြောက်မှုများကနေတဆင့် ပြည်သူများကို အကြမ်းဖက် ခြိမ်းခြောက်ရန် လုပ်ဆောင်နေခဲ့သည်။

အဆိုးရွားဆုံး နည်းလမ်းများအနက် တစ်ခုသည် လူများသော စုဝေးပွဲများတွင် ဆန္ဒပြသူများအနက် တစ်ဦးတစ်ယောက်ကို ကွက်၍ ရွေးထုတ်ပြီး ဦးခေါင်းကို ချိန်ပစ်သည့် လုပ်ဆောင်မှုဖြစ်သည်။

ယင်းကဲ့သို့ ပထမဆုံးသော သတ်ဖြတ်မှုဖြစ်စဥ်တွင် အသက် ၁၉ နှစ်ရှိ မမြသွဲ့သွဲ့ခိုင်သည် ဆန္ဒထုတ်ဖော်ပွဲတစ်ခုတွင် မီးသတ်ပိုက်ထိုးပက်မှုမှ အကာအကွယ်ယူနေစဥ် သူမ၏ ဆိုင်ကယ်ဦးထုပ်ကို ဖြတ်ဖောက်ကာ ဦးခေါင်းတွင် ထိမှန်ခဲ့သည့် ကျည်ဆံတစ်တောင့်ကြောင့် ရုတ်တရက် လဲကျသွားခဲ့ရသည်။ ထိုဖြစ်စဥ်က တစ်နိုင်ငံလုံးကို ထိတ်လန့်စေခဲ့သည်။

လူအသက်သေစေသည့် လက်နက်များ အသုံးပြုမှုကြောင့် အကြီးအကျယ် စိတ်မချမ်းမြေ့ဖွယ်ရာများ ဖြစ်စေသည့် မနှစ်မြို့စရာ အထောက်အထားများသည်လည်း ယခုအခါ ဆိုရှယ်မီဒီယာပေါ်တွင် ပြည့်နှက်‌ရောက်ရှိနေသည်။

အသက် ၁၉ နှစ်အရွယ် ဘူမိဗေဒကျောင်းသားတစ်ဦးဖြစ်သည့် ကိုလင်းထက်သည် ပြီးခဲ့သည့် သောကြာနေ့က မန္တလေးမြို့တွင် ဆန္ဒပြပွဲတစ်ခု၌ သေဆုံးခဲ့သူများအနက် တစ်ဦးဖြစ်ခဲ့သည်။ ဆန္ဒပြပွဲမတိုင်မီ ၎င်း၏ ဖခင်က “သား၊ ဒီနေ့ မသွားပါနဲ့လား၊ ဒီတိုင်းဆိုရင် လူတွေအများကြီး သေနေရပြီ” ဟု ပြောခဲ့သေးသည်ဟု သိရသည်။

ယင်းနောက်တွင် ၎င်းကို လမ်းပေါ်၌ လဲကျလျက်သားဖြင့် ဗီဒီယိုတစ်ခုထဲတွင် တွေ့ခဲ့ရပြီး ၎င်းသည် ၎င်း၏လျှာကို ကိုက်ပြီး သေဆုံးကြောင်း  စစ်သားများက ရပ်ကြည့်သူတစ်ဦးကို အတင်းအကျပ်ပြောခိုင်းခဲ့ပုံလည်း ‌ပေါ်နေခဲ့သည်။ သတင်းများအရ စစ်တပ်သည် ၎င်း၏ အလောင်းကို ၎င်း၏မိသားစုထံ ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု သိရသည်။

“ဒါက အခြေခံအားဖြင့်တော့ သောင်းကျန်းမှုကို နှိမ်နင်းတဲ့ လူမဆန်တဲ့ နည်းလမ်းတွေကို သုံးနေတာပါ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်တစ်ခုအဖြစ် ကြည့်ရင်းနဲ့ပေါ့” ဟု International Crisis Group ၏ မြန်မာအခြေစိုက် အကဲဖြတ်တစ်ဦးဖြစ်သည့် ရစ်ချတ် ဟော့ဆေးက ပြောသည်။ ခုချိန်မှာ ပြည်သူလူထုက “ရန်သူ” အဖြစ် သဘောထားခံနေရသည်ဟု ၎င်းကဆိုသည်။

စစ်တပ်သည် ဆန္ဒပြသူများ၏ ရဲရင့်တက်ကြွသည့် စိတ်ဓာတ်အားမန်ကို ချိုးဖျက်ရန်အလို့ငှာ လမ်းများပေါ်တွင် အကြောက်တရားများ မျိုးစေ့ချရေးကိုသာ အာရုံစိုက်နေခဲ့သည်ဟု ၎င်းက ပြောသည်။ ယမန်နေ့က အသက် ၂၁ နှစ်အရွယ် တစ်ဦးအပါအ၀င် နောက်ထပ် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည့်အတွက် စုစုပေါင်းသေဆုံးသူဦးရေသည် ၇၀ ကျော်အထိ ရှိနေခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းနှိမ်နင်းရာတွင် အသုံးပြုနေသည့် စစ်တပ်လက်နက်များထဲတွင် တရုတ် RPD စက်သေနတ်များအပြင် ပြည်တွင်း MA-S စနိုက်ပါ ရိုင်ဖယ်များ၊ MA-1 semi-automatic ရိုင်ဖယ်များ၊ အူဇီ ပုံစံတူ BA-93 နှင့် BA-94  စက်သေနတ်အငယ်စားများ ပါ၀င်ကြောင်း Amnesty International က ခွဲခြားဖော်ထုတ်ထားခဲ့သည်။ ထိုလက်နက်များသည် လူစုလူ‌‌ဝေး ထိန်းသိမ်းမှုဆိုင်ရာ အတိုင်းအတာလစ်မစ်များကို အတော်ပင် ကျော်လွန်နေခဲ့သည်။

“သေချာ ချိန်ရွယ် ပစ်မှတ်ထား ပစ်ခတ်သည့် ပစ်ချက်များ” ဖြင့် လူများကို သေဆုံးစေမှုက ဆန္ဒပြမှု ရှေ့တန်းနေရာများတွင်သာ မကဘဲ ကျားကုတ်ကျားခဲရှိနေသည့် လူအုပ်စုများကို ကျဲသွားစေရန် ရည်ရွယ်ချက် ရှိကြောင်း မစ္စတာ ဟော့ဆေးက ပြောသည်။ “တိုက်ပွဲ အခြေအနေတွေမှာ စနိုက်ပါသမားတွေ လုပ်သလိုမျိုး လုပ်ဖို့ သူတို့ ကြိုးစားနေတယ်၊ ကြုံရာကျပန်း သေဆုံးမှုမျိုးကို ဖြစ်စေပြီး မမြင်ရတဲ့ နေရာတစ်ခုကနေ ခန့်မှန်းလို့မရတဲ့ အခြေအနေမျိုး ဖြစ်စေရင်း ရန်သူကို အကြောက်တရားတွေ သွတ်သွင်းပေးဖို့ လုပ်တာပါ” ဟု ၎င်းက ပြောခဲ့သည်။

မြို့‌‌‌‌ပေါ်ရပ်ကွက်နေရာအားလုံးဟာလည်း ညပိုင်း စီးနင်းမှုတွေကြောင့် အထိတ်တလန့်ဖြစ်နေကြရပြီး စစ်သားများသည် လမ်းများပေါ် စုဖွဲ့သွားရင်း အသံဗုံးများ၊ စနိုက်ပါ ပစ်ချက်များနှင့် ကြုံသလိုပစ်သည့် သေနတ်သံများဖြင့် ပြည်သူများကို ကောင်းစွာ မအိပ်စက်နိုင်စေအောင် ဖြစ်စေနေသည်။

“လူတွေဟာ ညကြီးသန်းခေါင် အတင်းဆွဲခေါ်ခံနေရတယ်၊ က‌လေးတွေ၊ မိဘတွေ၊ ပြီးတော့ လမ်းတွေပေါ်မှာ တန်းစီခိုင်းပြီး သေနတ်နဲ့ချိန် ခြိမ်းခြောက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရန်ကုန် စမ်းချောင်းကို ပိတ်ဆို့ခဲ့ပြီး ညပိုင်းရောက်ချိန် တပ်ဖွဲ့၀င်များက ဆန္ဒပြသူများကို ရှာရန် အိမ်များကို ၀င်ရောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ နိုင်ငံခြားသံတမန်များက စိုးရိမ်ပူပန်ကြောင်း သတိပေးတိုက်တွန်းမှုများ ရှိခဲ့ချိန် ထိုဘေးကျပ်နံကျပ် ကာလကို ရှောင်လွဲခဲ့သည်။

ဖေဖေါ်၀ါရီ ၁ ရက်နောက်ပိုင်း လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီး၊ တရားစွဲ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။

၎င်းတို့အနက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အရာရှိတစ်ဦးဖြစ်သည့် ဦးခင်မောင်လတ်သည် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး စစ်မေးမှုအတွင်း ရိုက်နှက်ခံရသည်ဟု သိရပြီး ထိုသို့ ထိန်းသိမ်းခံရစဥ်မှာပင် သေဆုံးခဲ့သည်။

နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ မြိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြသူတစ်ဦးသည် ခါးပတ်ကြိုး၊ ချိန်းကြိုး၊ တုတ်ချောင်း၊ နံပါတ်တုတ်များဖြင့် အညိုအမဲစွဲအောင် ရိုက်နှက်ခံခဲ့ရသည်။

၎င်းနှင့် အခြားသူများကို တပ်ဖွဲ့၀င်များက ထိန်းသိမ်းရာနေရာကို စောင့်ကြပ်ခေါ်ဆောင်ခဲ့စဥ် တပ်ဖွဲ့၀င်များက “ဒါ ငရဲခန်းပဲကွ၊ မင်းတို့ကောင်တွေ အရသာမြည်းကြည့်ရမှာပေါ့ကွာ” ဟု ပြောခဲ့သည်ဟု သိရသည်။

တိုက်ပွဲနှင့် အရေထူနေသည့် စစ်တပ် တပ်ဖွဲ့များသည် လူအုပ်စု ထိန်းသိမ်းရေးအတွက် အစဥ်အလာ အခန်းကဏ္ဍကို ရဲတပ်ဖွဲ့နေရာတွင် တိုးမြင့် အစား၀င်နေကြသည့်အတွက် ရာနှင့်ချီသော ရဲများသည် တပ်ဖွဲ့ကနေ နုတ်ထွက်ကြသည်များ ရှိနေခဲ့သည်။

CDM လှုပ်ရှားမှုသို့ ပူးပေါင်းပါ၀င်လာခဲ့သည့် ရဲတစ်ဦးဖြစ်သည့် ကို အောင်ကိုကိုက ဆန္ဒပြသူများအား ပစ်သတ်ခိုင်းသည့် မဟာဗျူဟာတစ်ခုကို The Sunday Telegraph နှင့် အင်တာဗျူးတစ်ခုတွင် အတည်ပြုခဲ့သည်။ ၎င်းသည် ယခုအခါ ၎င်း၏မိသားစုနှင့်အတူ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

“သူတို့က ကျွန်တော်တို့ကို အပြစ်မဲ့ပြည်သူတွေကို ပစ်စေချင်ခဲ့တယ်၊ ဖမ်းစေချင်ခဲ့ကြတယ်၊ ပြည်သူတွေက ဘာအမှားမှ မလုပ်ထားဘူး၊ ဆိုတော့ ကျွန်တော်ကတော့ သွေးအေးအေးနဲ့ သူတို့ကို မပစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။ “ကျွန်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲ ၀င်ခဲ့တာက ပြည်သူတွေကို ကာကွယ်ဖို့ပါ၊ ရဲယူနီဖောင်းကို ဂုဏ်ယူစွာနဲ့ပဲ ကျွန်တော် ၀တ်ချင်ပါတယ်”ဟု ၎င်းက ပြောသည်။ စစ်သားများသည် ပြည်သူများကို မတိုက်ခိုက်ခင် ၎င်းတို့၏ ယူနီဖောင်းကို ချွတ်ပြီး ရဲယူနီဖောင်း လဲ၀တ်ခဲ့ကြကြောင်းလည်း သိရသည်။

“ကြည့်ရတာက စစ်သားတွေဟာ brainwash လုပ်ခံထားရတာပါ၊ လူ့အခွင့်အရေးဆိုတာ အဓိပ္ပါယ်မရှိဘူး၊ နိုင်ငံချစ်စိတ်ပဲ ရှိဖို့လိုတယ် ဆိုပြီးတော့ပေါ့၊ ဒါကြောင့်လည်း သူတို့ဟာ ပြည်သူတွေကို ဒီလောက်အထိ ရက်စက်လာနိုင်တာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်သည် “လူဆိုး၊လူမိုက်တွေ လွှတ်ပေးလိုက်သလိုမျိုး ဘယ်လို တရားဥပဒေစိုးမိုးရေးအတွက်မှ လုပ်တာမရှိသည့် လူမဆန်သော အကျင့်ပျက် တပ်ဖွဲ့”တစ်ခုပါ ဆိုပြီး နိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ  တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ၏ ရှေ့တန်းတွင် လှုပ်ရှားနေသော သက်သာချောင်ချိရေးအဖွဲ့ Free Burma Rangers ၏ ခေါင်းဆောင် ဒေ့ဗ် အူဘန့်က ပြောသည်။

စစ်တပ်သည် လူမဆန်မှုဆိုင်ရာ ယင်း၏ ကိုယ်ပိုင် အလေ့တစ်ခု ရှိထားခဲ့ကြောင်း ၎င်းက ပြောသည်။ တိုင်းရင်းသားလူနည်းစုများက နိုင်ငံကို ဖျက်ဆီးတော့မည်ဆိုပြီး စစ်တပ်ထဲရှိ ပညာမတတ်သည့် အဆင့်နိမ့်တပ်သားများကို သတင်းမှားများ ရိုက်သွင်းထားခဲ့သလို လူအစုအဖွဲ့များ၏ လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေရန် လုပ်ခွင့်ပြုပေးထားခဲ့သည်။ အမုန်းတရားနှင့် ဘ၀င်မြင့်စိတ် အစွဲတစ်ခုနှင့်အတူ ပြစ်ဒဏ်မခတ်ခံရစေခြင်းဖြင့် လူမဆန်သည့်လုပ်ရပ်များ လုပ်ခိုင်းထားခဲ့သည်။

“မြန်မာစစ်တပ်က ဆယ်စုနှစ်များစွာနှင့်ကြာ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် တပ်ဖွဲ့တွေ ထုတ်လွှတ်ထားခဲ့ပါတယ်၊ ခုကတော့သူတို့ရဲ့ ပြည်သူတွေဘက် ပြောင်းလဲဦးတည်ပေးတာက အရမ်းကို လွယ်ကူတဲ့အလုပ်ပါ” ဟု ၎င်းက ပြောခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုက လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဥပဒေသတ်မှတ်အဆင့်နှင့် ကိုက်ညီဖွယ် ရှိနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောခဲ့သည်။

မြန်မာစစ်တပ် ရာထူးမြင့်အရာရှိများသည် ရာထူးနိမ့်တပ်ဖွဲ့၀င်များနှင့်အတူပင် လက်လွတ်စပယ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး စာနာစိတ်ကင်းမဲ့နေခဲ့ကြောင်း လန်ဒန်တက္ကသိုလ်နိုင်ငံတကာဆက်ဆံ‌ရေးဌာန တွဲဖက်ပါမောက္ခ အဗီနက်ရှ် ပါလီ၀ဲလ်က ပြောသည်။

“ပြောရမယ်ဆိုရင်တော့ သူတို့က သူတို့အာဏာဆက်မြဲရေးအတွက်ပဲ အားပြုထားတာပါ၊ အဲဒါက သူတို့ကို လက်မခံတဲ့ ပြည်သူလူထုတွေကို ထိန်းချုပ်ဖို့အတွက် သူတို့ သဘောရှိ သုံးနိုင်တဲ့ တစ်ခုတည်းသော လက်နက်ပါပဲ” ဟု ၎င်းက ပြောသည်။

“တကယ်လို့ သူတို့ ပြုတ်ကျရင် အကျနာလိမ့်မယ်ဆိုတာကို ပြည်သူတစ်ရပ်လုံးက သိနေတယ်”

“ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့ စိတ်ကြောင့်ပဲ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ဖြစ်စေဖို့ ဦးတည်နေပါတယ်”

ခြေကုန်လက်ပန်းကျနေသော်လည်း အလျှော့မပေးသည့် ပြည်သူလုထုအပေါ်  မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တိုးမြင့် ဖိအားပေးနေခြင်းနှင့်အတူ ညှိနှိုင်းဆွေး‌နွေးမှု ရလဒ်တစ်ခုအတွက် အခွင့်အလမ်းက ပိတ်သိမ်းနေပြီး ပိုမိုဆိုး၀ါးသော ရလဒ်တစ်ခု ဖြစ်လာနိုင်ခြေကို မြင့်တက်စေနေသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ပိုမိုကြီးမားသည့် အကြမ်းဖက်မှု အဆင့်လယ်ဗယ်မျိုးစုံ” ကို ထုတ်ဖော်နိုင်ကြောင်း မစ္စတာ ဟော့ဆေးက ပြောသည်။ “ဒီအခြေအနေက ဆက်ပြီး အရှိန်ပိုမြင့်လာမှာက မလွဲဧကန်သလောက် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗီဒီယိုများထဲတွင် စစ်သားများ မည်သူမည်၀ါဖြစ်သည်ဆိုသည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသော်လည်း TikTok က “ယင်းအနေဖြင့် မိမိတို့၏ စည်းမျဥ်းများကို ချိုးဖောက်သည့် မြန်မာရှိ content များကို တက်တက်ကြွကြွ ဖယ်ရှားနေကြောင်းနှင့် အမုန်းတရားနှင့် အကြမ်းဖက်မှုကို အားပေးခြင်းက မိမိတို့ ပလက်‌ဖောင်းပေါ်တွင် နေရာမရှိကြောင်း” ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly