စစ်တပ်နဲ့ ရဲရဲ့ လူသေဆုံးမှု အများဆုံး ဖြိုခွင်းမှုအတွင်း လူပေါင်း ၃၉ ဦး ကျဆုံး 

စစ်တပ်နဲ့ ရဲရဲ့ လူသေဆုံးမှု အများဆုံး ဖြိုခွင်းမှုအတွင်း လူပေါင်း ၃၉ ဦး ကျဆုံး 
Photo - AFP

မတ် ၁၅ ၊၂၀၂၁

ရန်ကုန်မှာ ပြီးခဲ့တဲ့ ရက်က လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ရာမှာ လူအနည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပြီးနောက် ဒီကနေ့ တနင်္လာနေ့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုစုရုံးမှုတွေ ဆင်နွှဲကြဖို့ တက်ကြွလှုပ်ရှားသူတွေက ပြင်ဆင်ကြပါတယ်။ 

တရုတ် ငွေကြေးထောက်ပံ့တဲ့ စက်ရုံတွေ မီးရှို့မှုဖြစ်ခဲ့တဲ့ လှိုင်သာယာမှာ လုံခြုံရေးတပ်တွေ ပစ်သတ်လို့ ဒီမိုကရေစီ လိုလားဆန္ဒပြသူ ၂၂ ဦး သေဆုံးကြောင်း ကူညီထောက်ပံ့ရေး အုပ်စုတစ်ရပ်က ပြောပါတယ်။ 

အခြားနေရာတွေမှာ နောက်ထပ်သေဆုံဂသူ ၁၆ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေး AAPP က ဆိုပါတယ်။ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ချိန်ကစလို့ သွေးထွက်သံယို သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ မနေ့က ဖြိုခွင်းမှုတွေမှာ ရဲတစ်ဦး သေဆုံးကြောင်းလည်း သိရပါတယ်။ 

လှိုင်သာယာနဲ့ ရွှေပြည်တာမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး မာရှယ်လော ပြဋ္ဌာန်းကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့ပါတယ်။ 

လှိုင်သာယာက အထည်ချုပ်စက်ရုံတွေကို ဘယ်သူလက်ချက်မှန်း မသိရတဲ့ မီးရှို့တိုက်ခိုက်မှုတွေမှာ တရုတ်ဝန်ထမ်းတော်တော်များများ ထိခိုက်ဒဏ်ရာရပြီး ပိတ်မိနေခဲ့တယ်လို့ တရုတ်သံရုံးက ပြောပြီး တရုတ်ရဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွားတွေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ မြန်မာကို တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းလိုက်တဲ့ စစ်အုပ်စုကို ထောက်ပံ့မှုပေးနေတယ်လို့ တရုတ်နိုင်ငံကို မြင်ထားကြတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတစ်လွှားက ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်လုပ်ကိုင်ကြရာ လှိုင်သာယာမြို့နယ်က စက်မှုဇုန်ဖက်ခြမ်းကနေ မီးခိုးလုံးတွေ လွင့်တက်လာချိန် လုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေကို ပစ်ခတ်တာဖြစ်ကြောင်း မီဒီယာတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ 

“ထိတ်လန့်ကြောက်ရွံ့စရာပါပဲ၊ ကျွန်တော် မျက်စိရှေ့မှာတင် လူတွေကို ပစ်နေတာဗျာ၊ ဒီ မြင်ကွင်းကို ကျွန်တော် မေ့ဖျောက်ပစ်လို့ ရတော့မှာ မဟုတ်ဘူး”လို့ ဖြစ်ပွားရာဆီ ရောက်နေတဲ့ အမည်မဖော်လိုတဲ့ ဓာတ်ပုံသတင်းထောက်တစ်ဦးက ပြောပါတယ်။ 

မန္တလေးမြို့မှာ တနင်္လာနေ့အတွက် ဆန္ဒပြပွဲတွေကို စီစဉ်ထားပြီးကြောင်း တက်ကြွလှုပ်ရှားသူ ကိုမြတ်သူက ပြောပြီး ရန်ကုန်က ဒေသခံတွေကလည်း မြို့ရဲ့ နေရာနှစ်နေရာမှာ ဆန္ဒပြကြဖို့ စီစဉ်ထားကြပါတယ်။ 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန် ရန်ကုန်က အခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

“ကျွန်မ လက်ပေါ်တင် လူသုံးဦး သေဆုံးတယ်၊ ညနှောင်းပိုင်းလောက်မှာ ကျွန်မတို့ ဒဏ်ရာရသူ ၂၀ လောက်ကို ကယ်တင်ခဲ့ရတယ်”ဟု သင်္ဃန်းကျွန်းမြို့ခံ ဆန္ဒပြသူ အသက် ၃၂ နှစ်ရှိ မဇီဇဝါက ပြောပါတယ်။ 

တောင်ဒဂုံမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားပြီး သေဆုံးသူ သုံးဦးရှိကာ ဒဏ်ရာရသူ အတော်များကြောင်း အသက် ၂၁ နှစ်ရှိ မြို့နေပြည်သူ မမေမြတ်က ပြောပါတယ်။ 

“သူတို့က စက်သေနတ်တွေနဲ့ လူတွေကို အဆက်မပြတ် ပစ်နေခဲ့တယ်”လို့ သူက ပြောပါတယ်။ 

စစ်အာဏာသိမ်းအုပ်စု ပြောခွင့်ရသူတစ်ဦးထံ ထင်မြင်ချက် တောင်းခံပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါ။ 

အတည်မပြုရသေးတဲ့ သတင်းတွေအရ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြသူ ၃၀ ကျော်ဟာ သေနတ်နဲ့ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly