မြန်မာနိုင်ငံ၌ ဂျာနယ်လစ်များအပေါ် တိုက်ခိုက်မှုများကို Amnesty International အဖွဲ့ ရှုတ်ချ

မြန်မာနိုင်ငံ၌ ဂျာနယ်လစ်များအပေါ် တိုက်ခိုက်မှုများကို Amnesty International အဖွဲ့ ရှုတ်ချ

မတ် ၁၄

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို သတင်းရေးသားရန် ကြိုးပမ်းသည့် ဂျာနယ်လစ်များကို ဖိနှိပ်ချုပ်ချယ်သော နည်းလမ်းများ အသုံးပြုနေခြင်းအပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ‌ဝေဖန်ရှုတ်ချသွားခဲ့သည်။

တိုက်ခိုက်မှုများကြောင့် ပြည်တွင်း သတင်းထောက်များသည် မဖြစ်မနေ ပုန်းရှောင်နေရမှုများ ရှိနေခဲ့ပြီး နိုင်ငံခြားသတင်းထောက်များသည်လည်း ချောင်းမြောင်းခံခဲ့ရကာ ၎င်းတို့၏ အလုပ်တာ၀န်များကို မလုပ်နိုင်အောင် နှောင့်ယှက်ခံထားခဲ့ရကြောင်း ဂျာမနီရှိ Amnesty International ၏ အကြီးအကဲ မားကပ်စ် ဘီးကိုက dpa ကို ပြောခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုးအောက်တွင် မကြာသေးမီက ပိုလန်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ရောဘတ် ဘိုရှာဂါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယင်းအပေါ် အပြင်းထန်ဆုံးနည်းလမ်းဖြင့် ရှုတ်ချပြစ်တင်သင့်ကြောင်း ဘီးကိုက ပြောခဲ့သည်။

DPA နှင့် မြန်မာရှိ အခြားမီဒီယာများအတွက် အလုပ်လုပ်ပေးသည့် ဘိုရှာဂါသည် ပြီးခဲ့သည့် ကြာသပတေးနေ့က တောင်ကြီးမြို့တွင် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။ ၎င်းသည် ဖမ်းဆီးခံရချိန်က ရိုက်နှက်ခံခဲ့ရသေးသည်ဟုလည်း သိရသည်။

ဘိုရှာဂါနှင့် တွေ့ခွင့်ရရေးအတွက် မြန်မာနိုင်ငံရှိ ဂျာမန်သံရုံးက ကြိုးပမ်းလျက် ရှိသည်။ ၎င်း မည်သည့်နေရာတွင် ရောက်နေသလဲဆိုသည်ကို မသိရသေးပေ။ ဘိုရှာဂါအနေဖြင့် “တရားမျှတပြီး လူသားဆန်သော ဆက်ဆံမှု” ရရှိနိုင်ရေးအတွက် ဂျာမန်သံရုံးက စနေနေ့တွင် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တင်းမာမှုများ တိုးလာနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများသည် နိုင်ငံတဝန်း လမ်းများပေါ်တွင် ဆန္ဒပြရင်း နိုင်ငံတွင် အရပ်သားအစိုးရ အာဏာပြန်ရရေးအတွက် တောင်းဆိုနေကြသည်။ အပြန်အလှန်အားဖြင့် လုံခြုံရေးတပ်ဖွဲ့များဘက်ကလည်း ပိုမိုအကြမ်းဖက်တုံ့ပြန်ထားခဲ့ပြီး ၎င်းတို့သည် ဆန္ဒပြသူများကိုသာမက ဖြစ်စဉ်များကို သတင်းယူသည့် သတင်းထောက်များကိုပါ ပြင်းထန်စွာ ရိုက်နှက်ဖြိုခွင်း တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်ရှိ ဂျာနယ်လစ်များနှင့် ကမ္ဘာတစ်၀န်း၏ အာရုံစိုက်မှုက မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အရေးအကြီးဆုံးသော မဟာမိတ်များ ဖြစ်ကြောင်း ဘီးကိုက ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှု ဆက်ရှိနေစေရေးနှင့် အာဏာပိုင်များ၏ အကြမ်းဖက်မှုကို တုံ့ပြန်တွန်းလှန်ရန်အတွက် နိုင်ငံတကာ သတင်းရေးသားတင်ဆက်ဖော်ပြမှုက အရေးကြီးသည်။

“ဂျာနယ်လစ်တွေ သူတို့ရဲ့ အလုပ်တာ၀န်တွေ လုပ်ဆောင်မှုပိုင်းမှာ နှောင့်ယှက်ဟန့်တားခံရရင်တော့ လက်ရှိ အခက်အခဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးဖိခံရမယ့် အန္တရာယ် ရှိပါလိမ့်မယ်” ဟု ဘီးကိုက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly