ရုရှားမှ မြန်မာစစ်ကောင်စီသို့ လက်နက်ပစ္စည်းများ ပို့ရန် ရှိ

ရုရှားမှ မြန်မာစစ်ကောင်စီသို့ လက်နက်ပစ္စည်းများ ပို့ရန် ရှိ
Mig-29 (Photo:  BadGunman/Flickr)

မဇ္ဈိမ၊ မတ် ၁၄၊ ၂၀၂၁ ခုနှစ်

လာမည့် မတ်လ (၁၉) ရက် နေ့တွင် ရုရှားမှ မြန်မာနိုင်ငံသို့ လက်နက်ပစ္စည်များအပါအဝင် စစ်ရေးတွင် အသုံးပြုမည့် ပစ္စည်းများအား ပေးပို့ရန် ရှိသည်ဟု နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။

ရုရှားနိုင်ငံ မှ (IL-76) အမျိုးအစား လေယာဉ်သည် မော်စကို မြို့မှ မတ်လ ၁၉  ရက်တွင် နေပြည်တော် လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။ ထိုလေယာဉ်သည် မော်စကို-နယူးဒေလီ- နေပြည်တော် - မွန်ဘိုင်း - မော်စကို ခရီးစဉ်ဖြင့် မတ်လ ၂၁ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။ ထို လေယာဉ်နှင့် အတူ ပါလာမည့် ပစ္စည်းများထဲတွင် စစ်သုံး ပစ္စည်းများဖြစ်သည့် စနိုက်ပါ ရိုင်ဖယ် သေနတ်များ၊ ယခင်က ပြင်ဆင်ရန် ရုရှားနိုင်ငံသို့ ပေးပို့ထားပြီး၊ အသစ်ပြန်လည် မွမ်းမံထားသည့် MIG-29 တိုက်လေယာဉ် အင်ဂျင် (၂) လုံးနှင့် Bomb Fuse ၂၆၀ (ဗုံးစံနက်တံများ) သယ်ဆောင်လာမည်ဟု သိရသည်။ ထိုလက်နက်ပစ္စည်းများသည် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ မှာယူထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ရုရှားနိုင်ငံ၊ JSC Rosoboronexport ကုမ္ဗဏီမှ လက်နက်ပစ္စည်းများဝယ်ယူခြင်းဖြစ်ပြီး၊ JSC United Engine Corporation ကုမ္ဗဏီတွင် MIG-29 တိုက်လေယာဉ်အင်ဂျင်များအား ပြန်လည် မွမ်းမံခြင်းဖြစ်သည်။

Wikipedia က JR Rosoboronexport သည် ရုရှား၏ကာကွယ်ရေးပစ္စည်းများ၊ နည်းပညာများနှင့် ၀န်ဆောင်မှုများကိုတင်ပို့ / တင်သွင်းသည့်တစ်ခုတည်းသော အစိုးရကြားခံအေဂျင်စီဖြစ်သည်ဟုဖေါ်ပြထားပြီး၊ JSC United Engine Corporation သည် ရုရှားအစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးစစ်ဘက်နှင့် အရပ်ဘက်လေကြောင်းနှင့် အာကာသစူးစမ်းလေ့လာရေးအစီအစဉ်များအတွက် အင်ဂျင်ထုတ်လုပ်ရန် တာဝန်ရှိသည်။ လျှပ်စစ်စွမ်းအင်နှင့် အပူထုတ်လုပ်ခြင်း၊ ဓာတ်ငွေ့တွန်းစက်များနှင့် အဏ္ဏဝါဓာတ်ငွေ့တာဘိုင်ယူနစ်များအတွက် စွမ်းအင်တာဘိုင်များထုတ်လုပ်သည်ဟု ဖေါ်ပြထားသည်။

အလားတူပင်၊ ရုရှားနိုင်ငံမှ Charter Flight E190 အမျိုးအစား လေယာဉ်သည် မတ်လ ၂၁ ရက်နေ့တွင် ဖနွမ်းပင်-ရန်ကုန်- မော်စကို ခရီးစဉ်ဖြင့် လာမည်ဖြစ်ပြီး၊ မတ်လ ၂၆ ရက်နေ့တွင် မော်စကို-ရန်ကုန်-ဖနွမ်းပင် ခရီးစဉ်ဖြင့် ပြန်မည်ဖြစ်သည်။ ထိုလေယာဉ်ဖြင့် နှစ်နိုင်ငံတွင် ရောက်ရှိနေသော ရုရှားနှင့် မြန်မာနိုင်ငံသား အချို့အား အပြန်အလှန် ခေါ်ဆောင်မည်ဖြစ်သည် ဟုသိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်၊ မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာများ ဖြစ်ပေါ်နေမှုကြောင့် မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရေးကို ရုရှအာဏာပိုင်များက ချင့်ချိန်သုံးသပ်နေပြီဖြစ်ကြောင်း၊ ရုရှသမ္မတရုံး ပြန်ကြားရေးအတွင်းဝန် ဒီမီထရီပီးစကော့ဗ်က သတင်းထောက်များအား မတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖေါ်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly