စစ်အုပ်စုအပေါ် နိုင်ငံတကာဘက်က ပိုမိုပြင်းထန်စွာ တုံ့ပြန်ရန် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး တိုက်တွန်း

စစ်အုပ်စုအပေါ် နိုင်ငံတကာဘက်က ပိုမိုပြင်းထန်စွာ တုံ့ပြန်ရန် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး တိုက်တွန်း

မတ် ၁၄

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားများ တိုးမြှင့်ပေးသွားရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းအနေဖြင့်လည်း တတ်နိုင်သမျှကာလပတ်လုံး အာဏာသိမ်းစစ်အုပ်စုကို ဆက်လက် ခုခံတွန်းလှန်သွားမည်ဟု သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းက ပြောသွားခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မတ်လ ၁၂ ရက်က နယူးယော့ခ်တွင် CNA နှင့် အင်တာဗျူးတစ်ခု လုပ်ခဲ့ရာတွင် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက်မှုအပေါ် ရှုတ်ချပြစ်တင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်တစ်စောင် ထုတ်ပြန်မှုအတွက် ကောင်စီကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည့် ထိုထုတ်ပြန်ကြေညာချက်ကို လုံခြုံရေးကောင်စီ အဖွဲ့၀င် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

“တစ်ချိန်တည်းမှာလည်းပဲ ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက်ထဲမှာ ပါ၀င်တဲ့ အရာတွေက ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေအတိုင်းတော့ မပြည့်မီသေးပါဘူး၊ ဒီတော့ လုံခြုံ‌ရေးကောင်စီဆီက ပိုပြီး ပြင်းထန်အားကောင်းတဲ့ ထုတ်ပြန်ချက်တစ်စောင် ရှိဖို့နဲ့ လုံခြုံရေးကောင်စီဆီက ပိုပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်ချက်တွေ ရှိဖို့ ကျွန်တော်တို့ တကယ်ပဲ ဖြစ်စေချင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

“ဒါက မြန်မာပြည်သူတွေ အမှန်တကယ် လိုချင်တဲ့ အရာဖြစ်တယ်၊ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကာအကွယ်ကို လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက်သည် ဆုံးဖြတ်ချက် (resolution) တစ်ခုအောက်ရှိ လုပ်ဆောင်ချက်အဆင့်တစ်ခု ဖြစ်သော်လည်း ယင်းက လုံခြုံရေးကောင်စီ တရား၀င် မှတ်တမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် အသက်ငယ်ရွယ်သည့် လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ၎င်းတို့ကို ကာကွယ်ပေးရန် လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသွားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဘာသာ ဒါကို မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းထံက အကူအညီရဖို့ လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်းကတည်းက နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly