အာဏာသိမ်းစစ်အုပ်စုက စစ်ရေးအတွက် အသုံးပြုမည် စိုး၍ မြန်မာ့ ပထမဆုံး ဂြိုဟ်တုကို ဂျပန်က ထိန်းသိမ်းထား 

အာဏာသိမ်းစစ်အုပ်စုက စစ်ရေးအတွက် အသုံးပြုမည် စိုး၍ မြန်မာ့ ပထမဆုံး ဂြိုဟ်တုကို ဂျပန်က ထိန်းသိမ်းထား 

မတ် ၁၃ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်အပြီး နိုင်ငံတကာ အာကာသယာဉ်စခန်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံး ဂြိုဟ်တုကို ဂျပန်နိုင်ငံက ထိန်းသိမ်းထားကာ မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ဂျပန်အာကာသအေဂျင်စီနှင့် ဂျပန်တက္ကသိုလ်တစ်ခုတို့က ဆွေးနွေးလျက်ရှိသည်ဟု ဂျပန်တက္ကသိုလ် တာဝန်ရှိသူနှစ်ဦးက ပြောသည်။ 

အမေရိကန်ဒေါ်လာ ၁၅ သန်း တန်ဖိုးရှိ မြန်မာ့ပထမဆုံး ဂြိုဟ်တုကို မြန်မာအစိုးရ ရန်ပုံငွေထောက်ပံ့သော မြန်မာအာကာသအင်ဂျင်နီယာတက္ကသိုလ် MAEU နှင့် ပူးတွဲစီမံကိန်းတစ်ရပ်အရ ဂျပန် ဟိုကိုင်းဒိုးတက္ကသိုလ်မှနေ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဏ္ဍတို့အတွက် စောင့်ကြည့်ရန် ဒီဇိုင်းထုတ်ထားသည့် ကင်မရာများ တပ်ဆင်ထားသော ကီလိုဂရမ် ၅၀ ရှိ အသေးစားဂြိုဟ်တုနှစ်လုံးတွဲ ဖြစ်သည်။ 

ထို ကင်မရာများကို ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် အာဏာသိမ်းယူခဲ့သည့် စစ်အာဏာသိမ်းအစိုးရက စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချလိမ့်မည်ကို ဂျပန်နိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အချို့သော တာဝန်ရှိသူများက စိုးရိမ်မကင်း ဖြစ်ကြသည်။ 

ထိုအတွက် ယင်း ဂြိုဟ်တုအား အသုံးချမှုကို ထိန်းချုပ်ထားပြီး ဟိုကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသစူးစမ်းရေးအေဂျင်စီ JAXA နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါ တက္ကသိုလ် တာဝန်ရှိသူနှစ်ဦးက ဆိုသည်။ 

“မြန်မာစစ်တပ်နဲ့ လုပ်ကိုင်ရတဲ့ ဘယ်အရာမဆိုမှာ ကျွန်တော်တို့ မပါဝင်လိုဘူး၊ ဒီ ဂြိုဟ်တုကိုလည်း ဒါ့အတွက် တည်ဆောက်ထားတာ မဟုတ်ဘူး”ဟု တက္ကသိုလ် တာဝန်ရှိသူနှစ်ဦးမှ တစ်ဦးဖြစ်ပြီး စီမံကိန်း၏ မန်နေဂျာလည်းဖြစ်သူက အမည်မဖော်လိုဘဲ ရိုက်တာသတင်းသို့ ပြောသည်။ 

“ဘာဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေကြတယ်၊ ဒီ ဂြိုဟ်တုကို ဘယ်အချိန် အသုံးချမလဲဆိုတာကို ကျွန်တော်တို့ မသိဘူး၊ တကယ်လို့ ရပ်ထားလည်း ဒီ စီမံကိန်းက တစ်ချိန်မှာ ပြန်စနိုင်မှာပဲလို့ ကျွန်တော်တို့ မျှော်လင့်တယ်”ဟု ၎င်းက ပြောသည်။ 

အဆိုပါ မန်နေဂျာဖြစ်သူက မြန်မာဂြိုဟ်တုအား အသုံးပြုမည့် အချိန်နှင့် JAXA ၏ ဆုံးဖြတ်ချက် ထွက်ပေါ်နိုင်မည့်အချိန်နှင့် ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။ 

ဒုတိယမြောက် တက္ကသိုလ်တာဝန်ရှိသူက ပြောရာတွင် MAEU နှင့် သဘောတူချက်တွင် ယင်း ဂြိုဟ်တုကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးမပြုရဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားခြင်း မပါဝင်ခဲ့ဟု ဆိုသည်။ သို့သော် ဂြိုဟ်တုမှ အချက်အလက်များကို ဟိုကိုင်းဒိုးတက္ကသိုလ်ကပဲ ရယူနိုင်ပြီး မြန်မာတာဝန်ရှိသူများက သီးခြားရယူနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ 

စစ်အာဏာသိမ်းပြီးမှစ၍ ဟိုကိုင်းဒိုတက္ကသိုလ်မှ တာဝန်ရှိသူများသည် MAEU မှ ပါမောက္ခ ဦးကြည်သွင်နှင့် ဆက်သွယ်ရေး မရသေးကြောင်းလည်း ၎င်း ဒုတိယမြောက် တာဝန်ရှိသူက ဆိုသည်။ 

JAXA မှ တာဝန်ရှိသူများအား ထင်မြင်ချက် တောင်းရန် သတင်းဌာနအနေဖြင့် ဆက်သွယ်၍ မရသေးဘဲ MAEU ကမူ မေးမြန်းချက်အား တုံ့ပြန်ခြင်း မရှိသကဲ့သို့ စစ်အာဏာသိမ်းအုပ်စု ပြောခွင့်ရသူတစ်ဦးကလည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

အဆိုပါ ဂြိုဟ်တုအား ကမ္ဘာမှ ကီလိုမီတာ ၄၀၀ အထက် အကွာအဝေးတွင် ရှိသော နိုင်ငံတကာအာကာသယာဉ်စခန်းသို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ရာတွင် အသေးစား အစိတ်အပိုင်းတစ်ရပ်အဖြစ် တစ်ပါတည်း ချိတ်တွဲကာ ဖေဖော်ဝါရီ ၂၀ ရက်၌ နာဆာက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ယင်းစခန်းဆီ ရောက်ရှိပြီးနောက် ဂျပန်၏ Kibo စူးစမ်းရေးမော်ကျူးယာဉ်အတွင်း JAXA က ထားရှိထားခြင်း ဖြစ်သည်။ JAXA မှ အာကာသယာဉ်မှူးဖြစ်သူ Soichi Noguchi သည် အာကာသယာဉ်စခန်းတွင် လက်ရှိ ရောက်ရှိနေသော အာကာသယာဉ်မှူး ခုနစ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အနီးကပ်ဆက်ဆံရေးရှိပြီး အများဆုံး အကူအညီပေးရာ နိုင်ငံများအနက် တစ်နိုင်ငံလည်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly