AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးက ဘေးကင်းကြောင်း WHO အလေးထားပြော

AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးက ဘေးကင်းကြောင်း WHO အလေးထားပြော
Photo - AFP

မတ် ၁၃ ၊၂၀၂၁

AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးက သွေးခဲမှုကို ဖြစ်စေတယ်ဆိုပြီး နိုင်ငံအချို့မှာ ဆေးထိုးနှံပေးတာတွေ ရပ်တန့်လာကြတဲ့ နောက်မှာတော့ ဒီ ကာကွယ်ဆေးကို အသုံးပြုတာ ရပ်တန့်စရာ အကြောင်းရင်း မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အလေးထား ပြောလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ AstraZeneca ကာကွယ်ဆေး သန်း ၁၀၀ ကျော်ကို ပြည်သူတွေကို ထိုးနှံပေးထားပြီးလည်း ဖြစ်ပါတယ်။

WHO ရဲ့ ကာကွယ်ဆေးများ အကြံပေးကော်မတီကနေပြီး AstraZeneca ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှု အချက်အလက်တွေကို စစ်ဆေးပြီးဖြစ်ကြောင်းနဲ့ ဒီ ကာကွယ်ဆေးနဲ့ သွေးခဲမှု ဖြစ်ရတဲ့ကြားမှာ ဆက်စပ်မှု မရှိဘူးလို့ အလေးအနက်ထား ပြောဆိုလာတာ ဖြစ်ပါတယ်။

“အမှန်တော့ ကျွန်မတို့အနေနဲ့ AstraZeneca ကာကွယ်ဆေးကို ဆက်လက် အသုံးပြုသွားသင့်ပါတယ်”ဆိုပြီ WHO ပြောခွင့်ရအမျိုးသမီး မာဂရက်ဟာရစ်က ပြောပါတယ်။

ဗြိတိန်အခြေစိုက် AstraZeneca ကုမ္ပဏီကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ဘေးကင်းကြောင်း အလေးထားပြောပြီး သွေးခဲတဲ့ ဘေး မြင့်မားတယ်ဆိုတဲ့ ပတ်သက်ပြီး ဆက်စပ်သက်သေမရှိကြောင်း ဖြည့်စွက်ဆိုပါတယ်။

AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ သွေးခဲမှုကို ဖြစ်စေတယ်ဆိုတဲ့  သတင်းတွေ ထွက်လာပြီးနောက်မှာ နိုင်ငံအချို့ဟာ အဲဒီ ဆေး အသုံးပြုမှုကို ရပ်တန့်ထားတာတွေ လုပ်ဆောင်လာခဲ့တာပါ။ 

ဒိန်းမတ်၊ နော်ဝေနဲ့ အိုက်စလန်နိုင်ငံတွေမှာ ကြိုတွင်ကာကွယ်တဲ့အနေနဲ့ဆိုပြီး AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုကို ရပ်ထားပါတယ်။ အီတလီနဲ့ ဩစတြေးလျတွေကလည်း ဒီ ကာကွယ်ဆေးကို တားမြစ်ထားပြီး ထိုင်းနဲ့ ဘူဂေးရီးယားနိုင်ငံတွေကတော့ AstraZeneca ဆေး ထိုးနှံပေးခြင်း လုပ်ငန်းစဉ်များကို ရပ်တန့်ထားဦးမယ်လို့ ဒီ သီတင်းပတ်အတွင်းမှာပဲ ပြောထားကြပါတယ်။

အိန္ဒိယနိုင်ငံကတော့ AstraZeneca ကာကွယ်ဆေးကြောင့် သွေးခဲမှုဖြစ်တယ်ဆိုတဲ့ သတင်းမကြားမသိရပေမယ့် ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုးဖြစ်မှုအပေါ် ပိုပြီး သုတေသနပြု သုံးသပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly