တရုတ်-ပါကစ္စတန် ဖက်စပ်ထုတ် တန်ဖိုးနည်း တိုက်လေယာဉ် ကုန်ကျစရိတ် တွက်ခြေမကိုက်ဖြစ်နေ

By အစ္စလာဘတ်
13 March 2021
တရုတ်-ပါကစ္စတန် ဖက်စပ်ထုတ် တန်ဖိုးနည်း တိုက်လေယာဉ် ကုန်ကျစရိတ် တွက်ခြေမကိုက်ဖြစ်နေ

မတ် ၁၃

တရုတ်နိုင်ငံထုတ် ကိုယ်ထည်ဘောင်အသုံးပြုထားပြီး တန်ဖိုးနည်း၊ အလေးချိန်နည်းပြီး ဘက်စုံအသုံးပြုနိုင်သည့် ပါကစ္စတန်၏ JF-17 "Thunder" တိုက်လေယာဉ်သည် အခြား ခေတ်မီစက်လက်နက် ပစ္စည်းများထက် အသုံးပြုထိန်းသိမ်းစရိတ် မြင့်မားခြင်းကြောင့် တွက်ခြေမကိုက် ဖြစ်နေသည်။ 

အဆိုပါလေယာဉ်အမျိုးအစားကို ပူးပေါင်းထုတ်လုပ်မှုအတွက် ပါကစ္စတန်နှင့် တရုတ်တို့အကြား ၁၉၉၉ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ရာတွင် အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်များအတွက်လည်း မျှဝေကျခံမည့်အချက် ပါဝင်ခဲ့သည်။

JF-17 သည် Su-30MKI၊  Mig-29 နှင့် Mirage-2000 ကဲ့သို့ပင် အရည်အသွေးရှိမည်ဟု ပါကစ္စတန်က ယုံကြည်ခဲ့သည်။ ယင်းလေယာဉ်တွင် အနောက်နိုင်ငံမှ လေယာဉ်များအတွက် အီလက်ထရောနစ်စနစ်ကို တပ်ဆင်ထားပြီး ရုရှားနိုင်ငံထုတ် Klimov RD 93 လေယာဉ်အင်ဂျင်ကို တပ်ဆင်ထားသည်။

Pentapostagma ဝက်ဘ်ဆိုက်သတင်းအရ လေယာဉ်တစ်စင်း၏ အရည်အသွေးကို တပ်ဆင်ထားသည့် အီလက်ထရောနစ်စနစ်၊ လက်နက်များနှင့် အင်ဂျင်စွမ်းရည်တို့ဖြင့် အကဲဖြတ်ခြင်း ဖြစ်ပြီး JF-17 သည် ယင်းကဏ္ဍအများစုတွင် အရည်အသွေးပြည့်မီခြင်း မဖြစ်ပေ။

ပါကစ္စတန်၏ အကြမ်းဖက်အုပ်စုတစ်ခုကို ပစ်မှတ်ထားခဲ့သည့် အိန္ဒိယလေတပ်ကို တန်ပြန်တိုက်ခိုက်ခဲ့စဉ်က JF-17 သည် IAF Mirage-2000 နှင့်  SU-30s တို့ထက် စွမ်းဆောင်ရည် များစွာ နိမ့်ခဲ့သည်။

“JF-17 ရဲ့ လေကြောင်းကာကွယ်ရေးမှာ Link-17  အချက်အလက် လွှဲပြောင်းမှုက စိတ်မချရသလို ကြားဖြတ်တိုက်ခိုက်တဲ့ ရေဒါစနစ်ကလည်း ထိရောက်မှု မရှိပါဘူး” ဟု Pentapostagma တွင် ဖော်ပြထားသည်။

JF-17 ၏ အီလက်ထရောနစ်စနစ်မှ အရေးကြီးအစိတ်အပိုင်းသည် KLJ-7 Al ရေဒါစနစ်နှင့် လက်နက်ပစ်ခတ်မှု ထိန်းချုပ်ရေးကွန်ပြူတာစနစ် (WMMC) ဖြစ်ပြီး ယင်းစနစ်များတွင်လည်း ပြဿနာရှိနေသည်။

ပါကစ္စတန်အနေဖြင့် တရုတ်၏ တန်ဖိုးနည်း  J-10 တိုက်လေယာဉ်ကို ဝယ်ယူရန် စဉ်းစားနေပြီး တစ်စင်းလျှင် ၂၀၁၈ ခုနှစ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၅ သန်းရှိသော်လည်း ပါကစ္စတန်၏ ရူးပီးငွေဈေးသည် ယမန်နှစ်က ၃၀ ရာခိုင်နှုန်းကျဆင်းသွားသောကြောင့် ကုန်ကျစရိတ် ပိုမို များလာမည်ဖြစ်သည်။ 

ပါကစ္စတန်အနေဖြင့် ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်ခြင်း မရှိသောကြောင့် အစိုးရအနေဖြင့် တရုတ်မှ လေယာဉ်အစိတ်အပို်ငးနှင့် အပိုပစ္စည်းများ ဝယ်ယူရန် အခက်အခဲများလည်း ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly