တရုတ်၊ ရုရှားတို့နှင့် သက်ဆိုင်သည့် မူဝါဒများတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်သမ္မတနှင့် ဥရောပကော်မရှင် ဥက္ကဌ သဘောတူ

တရုတ်၊ ရုရှားတို့နှင့် သက်ဆိုင်သည့် မူဝါဒများတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်သမ္မတနှင့် ဥရောပကော်မရှင် ဥက္ကဌ သဘောတူ

မတ် ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗန်ဒါလီယန်တို့အကြား ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် တရုတ်နှင့် ရုရှားတို့အပါအဝင် နိုင်ငံအများအပြားနှင့် သက်ဆိုင်သည့် မူဝါဒများတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

သမ္မတဘိုင်ဒင်က ဥရောပသမဂ္ဂအပေါ် ထောက်ခံကြောင်းနှင့် အမေရိကန်-ဥရောပသမဂ္ဂမိတ်ဖက်ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်ရန် ကတိကဝတ်ကို ထပ်မံအတည်ပြုပြောကြားလိုက်သည်။

“အမေရိကန်နဲ့ ဥရောပတို့သည် တူညီသည့်အချက်များစွာ ရှိသကဲ့သို့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး မိတ်ဖက်များ ဖြစ်တာကြောင့်  ကမ္ဘာ့ကုန်သွယ်ရေး (WTO) လေကြောင်းဆိုင်ရာ အခွန်အကောက်အပေါ် အငြင်းပွားမှုများကို ၄ လအထိ ဆိုင်ငံထားရန်နှင့် ကြာမြင့်ပြီ ဖြစ်သည့် အဆိုပါပြဿနာကို WTO တွင် ပူးပေါင်း ဖြေရှင်းသွားမည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးသည့် အကြောင်းအရာများတွင် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်  လက်တွဲဆောင်ရွက်ရန်နှင့် ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအားကောင်းစေရန်၊ ကမ္ဘာ့စီးပွားရေး ရေရှည်ပြန်လည်ကောင်းမွန်စေရန်၊ ရာသီဥတုပြောင်းလဲမှု ပြဿနာကို ဖြေရှင်းရန်နှင့် ဒီမိုကရေစီအားကောင်းရေး လုပ်ငန်းအစီအစဉ်များ ပါဝင်သည်။

တရုတ်၊ ရုရှား၊ ဘီလာရုဇ်၊ ယူကရိန်းနှင့် အနောက်ဘော်လကန်ဒေသအရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်းလည်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက စစ်ရေးအင်အား တိုးမြှင့်လာခြင်းအပေါ် ရင်ဆိုင်ရန် ကာကွယ်ရေးဌာနနှင့် သက်ဆိုင်သည့် စစ်ရေးမဟာဗျူဟာ အကြံပြုချက်များပေးမည့် တရုတ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း  သမ္မတဘိုင်ဒင်အစိုးရက ပြီးခဲ့သည့်လက ကြေညာအပြီးတွင် ယခုဆွေးနွေးပွဲကို လုပ်ဆောင်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly