မြန်မာနိုင်ငံမှ အရပ်သားများကို ကြိုဆိုရန် အသင့်ရှိဟု မဏိပူရပြည်နယ်၀န်ကြီးချုပ် ပြော

မြန်မာနိုင်ငံမှ အရပ်သားများကို ကြိုဆိုရန် အသင့်ရှိဟု မဏိပူရပြည်နယ်၀န်ကြီးချုပ် ပြော

မတ် ၁၀

မြန်မာနိုင်ငံမှ အရပ်သားများကို လက်ခံကြိုဆိုရန် အသင့်ရှိကြောင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ၀န်ကြီးချုပ် N Biren Singh က အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

ရဲနှင့် မီးသတ်တပ်ဖွဲ့တို့မှ အမှုထမ်း ၈၀ ကျော်ခန့်သည် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခွင့်ရရန် မြန်မာနိုင်ငံဘက်ကနေ နယ်စပ်ကို ဖြတ်ကျော်ထားခဲ့ကြောင်း လုံခြုံရေးရင်းမြစ်များက အင်္ဂါနေ့တွင် ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း မဏိပူရပြည်နယ်၏ ၀န်ကြီးချုပ် N Biren Singh က ပြောကြားရာတွင် ၎င်းအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောခဲ့သည်။

“ကျွန်တော် တကယ်ပဲ စိုးရိမ်ပူပန်မိပါတယ်” ဟု မဏိပူရပြည်နယ် ၀န်ကြီးချုပ် N Biren Singh က တနင်္လာနေ့က အင်ဖာမြို့ရှိ ၎င်း၏ နေအိမ်တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် EastMojo ကို ပြောခဲ့သည်။

“အကူအညီ ကမ်းလှမ်းပေးဖို့ ဆုံးဖြတ်ချက်ကို တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နည်းလမ်းနဲ့ ချမှတ်ရပါမယ်၊ အိမ်နီးချင်း ပြည်နယ်ရဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့အနေနဲ့ စစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် မြန်မာဘက်ကနေ နယ်စပ်ကို ဖြတ်ကျော် လာကောင်းလာနိုင်တဲ့ အရပ်သားတွေကို ကြိုဆိုသွားဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ “ဒီတော့ လူအားလုံးပေါ့၊ ဘယ်သူပဲလာလာ၊ ကျွန်တော်တို့ ခိုလှုံစရာ ပေးသွားမှာပါ၊ ကျွန်တော်တို့ သူတို့ကို ကျွေးမွေးသွားမှာပါ၊ သူတို့ကို ကာကွယ်စောင့်ရှောက်သွားမှာပါ၊ ဒီလို အရာတွေကို ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

“ဒါက တော်တော့်ကို ကံမကောင်းပါဘူး၊ အဲဒီမှာ ဒီမိုကရေစီ ရှိသင့်ပါတယ်” ဟုလည်း ၀န်ကြီးချုပ် Singh က ပြောခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ ရှိနေခဲ့ပြီးနောက် လူအများအပြားသည် နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်သို့ ရောက်ရှိထားခဲ့သည်။

မတ်လ ၁ ရက်နောက်ပိုင်း ထောက်လှမ်းစုံစမ်းမှုများအရ နယ်စပ်ဖြတ်ကာ မြန်မာကနေ မီဇိုရမ်သို့ ရောက်ရှိထားခဲ့သူအရေအတွက်သည် ခန့်မှန်းခြေအားဖြင့် ၁၃၆ ဦးခန့် ရှိပြီး ၎င်းတို့သည် ခရိုင်လေးခုကျော်ကို ပျံ့နှံ့ရောက်ရှိထားခဲ့ကြောင်း မြန်မာနှင့်အကြား နယ်စပ်ကို စောင့်ကြပ်သည့် အာသံရိုင်ဖယ်အဖွဲ့မှ သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ကိန်းဂဏန်းများထဲတွင် ရဲ သို့မဟုတ် မီးသတ်တပ်ဖွဲ့၀င်များဟု ပြောဆိုသည့် မြန်မာနိုင်ငံသား ၈၉ ဦး ပါ၀င်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ အလားတူ မြန်မာသို့ ပြန်သွားရန် ခိုင်းစေခံခဲ့ရသည့် သို့မဟုတ် ပြန်သွားခဲ့သည့် လူ ရှစ်ဦးထက်မနည်း ရှိသည်ဟုလည်း သိရသည်။“နယ်စပ် ဖြတ်ဖို့ စောင့်နေကြသူတစ်ချို့လည်း ရှိပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ခိုလှုံခွင့် တောင်းခံသူများထဲတွင် Champhai တွင် ရဲ သို့မဟုတ် မီးသတ်အဖွဲ့မှဟု ပြောဆိုသူ ရှစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား ၁၂ ဦး၊ Sercchip တွင် ရဲ သို့မဟုတ် မီးသတ်အဖွဲ့မှဟု ပြောဆိုသူ လေးဦး အပါအ၀င် ၁၉ ဦး၊ Hnahthial တွင် ရဲ သို့မဟုတ် မီးသတ်မှဟု ပြောဆိုသူ လေးဦးနှင့် Siaha တွင် ရဲ သို့မဟုတ် မီးသတ်မှဟု ပြောဆိုသူ ၇၃ ဦးအပါအ၀င် မြန်မာနိုင်ငံသား ၁၀၁ ဦးတို့ ပါ၀င်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ဘယ်သူပဲ ဖြတ်သန်းလာလာ၊ ကျွန်တော်တို့က အသေးစိတ်အချက်အလက်တွေကို ပြည်ထဲရေးဌာနကို ပေးပို့နေပါတယ်” ဟု Siaha မြို့ ဒုတိယ ရဲမင်းကြီး Kesavan R က ပြောသည်။ ခရိုင်ထဲတွင် ဒုက္ခသည်များကို ခိုလှုံခွင့်နေရာပေးထားသည့် ရပ်ကွက်အသင်းတိုက် မရှိကြောင်းနှင့် နယ်စပ်ဖြတ်ကျော်၀င်ခဲ့သည်ဟု သံသယရှိရသူများအနက် အများစုသည် ၎င်းတို့၏ ဆွေမျိုးများနှင့်အတူ ခိုလှုံနေသည်ဟု ၎င်းက ပြောခဲ့သည်။

“သူတို့ထဲက အများစုကတော့ စျေး၀ယ်ဖို့ ရောက်လာကြတာလို့ ပြောကြပါတယ်၊ ဒီမှာက လွတ်လပ်စွာ သွားလာမှု စနစ်တစ်ခုလည်း ရှိပါတယ်” ဟု Kesavan R က ပြောသည်။

ထို လွတ်လပ်စွာ သွားလာမှုစနစ်သည်လည်း ပြီးခဲ့သည့်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာနယ်စပ်များ ပိတ်ထားခဲ့ရပြီးနောက် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့သည်ဟု သိရသည်။ “လွတ်လပ်စွာ သွားလာမှု စနစ်က ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်၊ သတ်မှတ် နယ်စပ်ဖြတ်သန်းနေရာတွေကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်” ဟု အာသံရိုင်ဖယ် သတင်းရင်းမြစ်က ပြောသည်။

မီဇိုရမ်သည် မြန်မာနှင့်အကြား ၅၁၀ ကီလိုမီတာ စိမ့်၀င်နိုင်သော နယ်စပ်တစ်ခု ထိစပ်နေပြီး အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာသူများကို နယ်စပ်ဖြတ်ကျော်ခြင်းများမှ တားဆီးရန် ခက်ခဲကြောင်း အာသံရိုင်ဖယ် သတင်းရင်းမြစ်က ပြောသည်။

မီဇိုများကဲ့သို့ တူညီသော အရွယ်အစားကြီး မျိုးနွယ်စုများမှဖြစ်သော အိမ်နီးချင်း ချင်းပြည်နယ်၏ ဒေသခံများ ရှိနေခြင်းနှင့်အတူ ပြည်နယ် အစိုးရနှင့် ဒေသခံများသည် ပဋိပက္ခအချိန်ကာလများအတွင်း စာနာထောက်ထားကြင်နာမှု ရှိခဲ့ကြကြောင်း နယ်စပ်ခရိုင်တစ်ခုရှိ မီဇိုရမ်အစိုးရတာ၀န်ရှိသူတစ်ဦးက ထောက်ပြပြောဆိုသည်။

“လူသားချင်းစာနာထောက်ထားမှု အမြင်ရှုထောင့်အရ ကျွန်တော်တို့ဟာ သူတို့တွေကို အစားအစာတွေ ပေးရပါမယ်၊ ခိုလှုံစရာ နေရာတွေ ပေးရပါမယ်” ဟု မီဇိုရမ် ပြည်နယ်၀န်ကြီးချုပ် Zoramthanga က မတ်လ ၈ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly