သတင်းထောက်တွေကို လက်သန့်ဆေးနဲ့ လိုက်ဖျန်းပြီး မဖြေချင်တဲ့ မေးခွန်းတွေကနေ ရှောင်ထွက်ခဲ့တဲ့ ထိုင်း၀န်ကြီးချုပ်

သတင်းထောက်တွေကို လက်သန့်ဆေးနဲ့ လိုက်ဖျန်းပြီး မဖြေချင်တဲ့ မေးခွန်းတွေကနေ ရှောင်ထွက်ခဲ့တဲ့ ထိုင်း၀န်ကြီးချုပ်
Photo - AFP

မတ် ၁၀

ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ၎င်းမဖြေချင်တဲ့ မေးခွန်းတွေကနေ ရှောင်ထွက်ဖို့အတွက် သတင်းထောက်တွေကို လက်သန့်ဆေးရည်နဲ့ လိုက်ဖျန်းခဲ့ပြီး ခွတီးခွကျ ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ခုနစ်နှစ်အကြာက ဆန္ဒပြပွဲတွေအတွင်း ဆူပူအုံကြွမှုနဲ့ပတ်သက်လို့ ၎င်းရဲ့ အစိုးရအဖွဲ့၀င် ၀န်ကြီးသုံးဦး ပြီးခဲ့တဲ့အပတ်က အကျဥ်းချခံခဲ့ရပြီးနောက်ပိုင်း လစ်လပ်သွားတဲ့ ၀န်ကြီးနေရာတွေမှာ အစားထိုးမယ့်သူတွေစာရင်းနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့စဥ်မှာ ပရာယွတ်ဟာ စတင်ပြီး စိတ်အလိုမကျ ဖြစ်ခဲ့တာဖြစ်ပါတယ်။

“တစ်ခြား မေးဖို့ ဘာရှိသေးလဲ၊ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော် မသိဘူး၊ ဒီစာရင်းကို ကျွန်တော် မကြည့်ရသေးဘူး၊ ဒါက ၀န်ကြီးချုပ်တစ်ဦးတည်းပဲ အရင်ဆုံး သိထားသင့်တဲ့အရာ မဟုတ်ဘူးလား၊ ဒါကို မမေးကြနဲ့တော့” ဆိုပြီး ပရာယွတ်က စကားပြောစင်မြင့်ထက်မှာ မတ်တပ်ရပ်ရင်းနဲ့ ပြောခဲ့ပါတယ်။

အဲဒီနောက် ထိုင်း၀န်ကြီးချုပ် ပရာယွတ်ဟာ စင်မြင့်ပေါ်ကနေ ဆင်းလာပြီး လက်သန့်ဆေးဘူးတစ်ဘူးကို ယူကာ ဂျာနယ်လစ်တွေဆီ လမ်းလျှောက်လာရင်းနဲ့ တစ်ဦးစီတိုင်းကို လိုက်ဖျန်းပေးခဲ့ပါတယ်။

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ပရာယွတ်ဟာ မီဒီယာအပေါ် ရံဖန်ရံခါ ခုလိုမျိုး ခွတီးခွကျ ဆက်ဆံပြောဆိုတတ်သူ ဖြစ်ပြီး တစ်ခါတစ်ရံမှာ သတင်းထောက်တွေကို ဒေါသတကြီး ပြောဆိုတတ်သူဖြစ်ပါတယ်။

ထိုင်း၀န်ကြီးချုပ်ဟာ အဲဒီလိုမျိုး လက်သန့်ဆေးနဲ့ လိုက်ဖျန်းပေးပြီးနောက် သတင်းထောက်အုပ်စုနဲ့ ဆက်လက်စကားပြောခဲ့ရာမှာ စိတ်တိုနေခဲ့ပုံ ‌ပေါ်နေခဲ့ပြီး ယင်းနောက်ပိုင်း အခန်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly