မြန်မာများနေရပ်ပြန်ပို့သည့်ကိစ္စ  လူ့အခွင့်အရေးအဖွဲ့များ စောဒကတက်ခွင့်ရှိကြောင်း မလေးရှားတရားရုံး ပြော 

မြန်မာများနေရပ်ပြန်ပို့သည့်ကိစ္စ  လူ့အခွင့်အရေးအဖွဲ့များ စောဒကတက်ခွင့်ရှိကြောင်း မလေးရှားတရားရုံး ပြော 

မတ် ၉  

မလေးရှားတရားရုံးသည် ၎င်းတို့နိုင်ငံမှ မြန်မာနိုင်ငံသားများအား မကြာသေးမီက နေရပ်ပြန်ပို့သည့်ကိစ္စကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့များအနေဖြင့် စောဒကတက်နိုင်ကြောင်း အင်္ဂါနေ့က  ခွင့်ပြုလိုက်သည်ဟု အဆိုပါအဖွဲ့များရှေ့နေတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။  

 မလေးရှားအစိုးရသည် တရားမဝင် ဝင်ရောက်လာသူဟုဆိုသော မြန်မာ ၁ ၀၈၆ ဦးကို မြန်မာစစ်သင်္ဘော သုံးစီးဖြင့် ပြီးခဲ့သည့်လက နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များဖြစ်ကြသော Amnesty International နှင့် Asylum Access အဖွဲ့တို့သည် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့ရေးတားမြစ်သည့်အစီအစဉ်ကို တရားဝင်ကြားနာမှုမပြုလုပ်မီ၌ တရားရုံးက ထွက်ခွါခွင့်တားမြစ်သည့် ကြားဖြတ်အမိန့်ထုတ်ပြီး နာရီပိုင်းအကြာ မလေးရှားအစိုးရက ထိုသို့ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ 

ကွာလာလမ်ပူတရားရုံးချုပ်၏ဆုံးဖြတ်ချက်သည် နေရပ်ပြန်ပို့သည့်ကိစ္စအား အပြည့်အဝကြားနာစစ်ဆေးရန်နှင့် တရားရေးဆိုင်ရာသုံးသပ်ချက်မပြီးမချင်း ကျန်ရှိသော မြန်မာနိုင်ငံသား ၁၁၄ ဦးအား ပို့ဆောင်ခြင်းကို တားမြစ်လျက် နေထိုင်ခွင့်ပြုမည့်အစီအစဉ်အား လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ မလေးရှားသည် အစောပိုင်းက မြန်မာနိုင်ငံသား ၁ ၂၀၀ ကို ပြန်ပို့မည်ဟု ပြောဆိုခဲ့သည်။  

 “လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စောဒကတက်မှုဟာ ပြန်ပို့ပြီးသားလူတွေကို ခေါ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်ထပ် နေရပ်ပြန်ပို့တာကိုဆန့်ကျင်ကန့်ကွက်တဲ့ အလားတူစိန်ခေါ်မှုတွေတော့ ရလာနိုင်ပါတယ်” ၎င်းတို့အဖွဲ့ရှေ့နေ New Sin Yew က ရိုက်တာသတင်းဌာနကို ပြောပါသည်။ 

လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များချမှတ်သော ဆုံးဖြတ်ချက်ကို တစ်ဦးတစ်ယောက်က စိန်ခေါ်ခြင်းကို တားမြစ်သည့် မလေးရှားဥပဒေရှိသော်လည်း အင်္ဂါနေ့တွင် ကွာလာလမ်ပူတရားရုံးချုပ်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  

“ဒါဟာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုံးဖြတ်ချက်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ ဒုက္ခသည်များ၏အခွင့်အရေးကို ကာကွယ်ပေးတဲ့ Asylum Access တို့လို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေ တာဝန်ခံမှုရှိစေရေးအတွက် တရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်ချက် ဖြစ်ပေါ်လာစေဖို့  လူ့အခွင့်အရေးအဖွဲ့တွေရဲ့ရပ်တည်ချက်ကို အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်” ဟု New Sin Yew က ပြောသည်။  

တရားရုံးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရိုက်တာမှ လူဝင်မှုကြီးကြပ်ရေးဌာနသို့ မေးမြန်းခဲ့ရာ တုံ့ပြန်ခြင်းမရှိခဲ့ပေ။  

စောဒက်တက်မှုဆိုင်ရာကြားနာစစ်ဆေးမှုကို မတ် ၂၃ ရက်၌ ပြုလုပ်မည်ဟု တရားရုံးက ပြောသည်။  

နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာနိုင်ငံအတွင်း၌ ဖိစီးနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးလာသော ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များပါဝင်မည်ကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေခဲ့ပြီး တရားရုံးတွင် ကန့်ကွက်မှု လျှောက်ထားခဲ့ခြင်းဖြစ်သည်။  

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက နေရပ်ပြန်ပို့ခံရသူများတွင် ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူများ မပါဟု ဆိုသည်။ 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီအနေဖြင့် ထိန်းသိမ်းခံထားရသူများ၏ အခြေအနေကို အတည်ပြုရန် ထိုသူများအား မေးမြန်းခွင့်မရသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သောကြောင့် စိုးရိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။  

မလေးရှား၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၌မှတ်ပုံတင်ထားသူ သုံးဦးနှင့် အနည်းဆုံးမိဘတစ်ဦးပါဝင်သော လူနည်းစု ၁၇ ဦးသည် နေရပ်ပြန်ပို့မည့်စာရင်းတွင်ပါဝင်နေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များ၏ တရားရုံးတိုင်တန်းချက်တွင် ဖော်ပြထားသည်။ ထိုသူများသည် မြန်မာနိုင်ငံပြန်ပို့ခံရလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပေ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly