အာဏာရှင်စနစ်နဲ့ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး အမျိုးသမီး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

 အာဏာရှင်စနစ်နဲ့ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး အမျိုးသမီး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မတ် ၈  

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က မြန်မာနိုင်ငံအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက  ညပိုင်းစီးနင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် နိုင်ငံတဝန်းက  အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေဟာ အလုပ်သမားသမဂ္ဂအဖွဲ့တွေရဲ့ အထွေထွေသပိတ်အတွက် ဆော်ဩခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တနင်္လာနေ့မှာ လမ်းမထက်ကို စုရုံးရောက်ရှိလာခဲ့ပြန်ပါတယ်။

ရန်ကုန်က စမ်းချောင်းမြို့နယ်မှာလည်း အမျိုးသမီးတစ်စုဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အနေနဲ့ ထမီအလံလွှင့်ကာ စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေကို အားနည်းချက်ရှိသူအဖြစ် အထင်အမြင်သေးခံရတဲ့အတားအဆီးတွေ ရှိနေဆဲဖြစ်တယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေက စိတ်မကောင်းစွာနဲ့ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“နိုင်ငံ့အရေးဆိုတာ အမျိုးသား အမျိုးသမီး အားလုံးရဲ့အရေးဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုရင် လူတွေက အမျိုးသားတွေကိုပဲမြင်ကြတယ်။ အာဏာသိမ်းခံရပြီးတဲ့နောက် အခုလမ်းပေါ်ထွက်လာတဲ့ အမျိုးသမီးတွေကိုလည်း တွေ့မြင်ကြမှာပါ။ အခုလိုမျိုး ဆန္ဒပြတဲ့အခြေအနေမျိုးမှာလည်း အမျိုးသမီးတွေကို နောက်မှာနေဆိုပြီး ပြောဆိုမှုတွေရှိပြီး ရုန်းကန်လုပ်ဆောင်နေရတယ်” လို့ ဆန္ဒပြအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ရဲနဲ့စစ်တပ်ဟာ ဆန္ဒပြသူတွေကို ရက်စက်တဲ့နှိမ်နင်းမှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် လူပေါင်း ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး ၁ ၈၀၀ နီးပါး အဖမ်းခံထားရပါတယ်။

အန္တရာယ်တွေရှိနေပေမယ့်လည်း ရန်ကုန်၊ မန္တလေးနဲ့ နိုင်ငံတဝန်းရှိ မြို့ပေါင်းများစွာက ဆန္ဒပြသူတွေဟာ တနင်္လာနေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

စီးပွားရေးနဲ့လုပ်ငန်းတွေကို ပုံမှန်လည်ပတ်နေစေတာဟာ စစ်တပ်ကိုပဲ အကျိုးရှိစေကြောင်းနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် အချိန်ကျပြီ လို့ အလုပ်သမားသမဂ္ဂ ၁၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လုပ်ငန်းခွင်မသွားတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ရဲ့သက်ရောက်မှုကို ထပ်မံဆွဲဆန့်နိုင်ဖို့ အလုပ်သမားသမဂ္ဂတွေကလည်း ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required