မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို သြစတြေးလျ ရပ်ဆိုင်း

မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို သြစတြေးလျ ရပ်ဆိုင်း
Photo: Lynn Bo Bo/EPA

မတ် ၈

မြန်မာနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို သြစတြေးလျဘက်က ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအပေါ် စစ်တပ်က ဖြိုခွင်းနှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နေစဉ် ယခုကဲ့သို့ သြစတြေးလျက မြန်မာနှင့် စစ်ရေးပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သြစတြေးလျသည် ကူညီထောက်ပံ့မှုများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်မှုများအတွက် ပြောင်းလဲအသုံးပြုမည်ဖြစ်ပြီး ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) များနှင့် အခြား တိုင်းရင်းသားလူနည်းစုများကို အကူအညီပေးမှုပိုင်းတွင်လည်း အသုံးပြုမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

“အရေးတကြီး အလိုအပ်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ထွက်ပေါ်လာနေတဲ့ လိုအပ်ချက်တွေအတွက် ဦးစားပေးလုပ်သွားပါမယ်၊ ကျွန်မတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုတွေကိုတော့ အစိုးရ ဒါမှမဟုတ် အစိုးရနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအစား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းလုပ်ဆောင်သွားပါမယ်”ဟု ၎င်းက ပြောခဲ့သည်။

မြန်မာစစ်တပ်နှင့်အကြား သြစတြေးလျ၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အင်္ဂလိပ်ဘာသာစကား သင်ကြားပေးမှုကဲ့သို့ တိုက်ခိုက်ရေးမဟုတ်သော ဧရိယာများတွင်သာ ပူးပေါင်းလုပ်ဆောင်ရန် ကန့်သတ်ထားခဲ့ပြီး ယခုအခါ ထိုကဲ့သို့ ပူးပေါင်း‌ဆောင်ရွက်မှုများကိုလည်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ချက်ချင်းလွှတ်ပေးရေးအတွက် ကင်ဘာရာဘက်က ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ခံ အစိုးရကို ဖယ်ရှားပြီး ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ရှောင်တာနဲလ် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က သြစတြေးလျ၏ အကြီးဆုံးမြို့ ဆစ်ဒနီတွင် လူပေါင်းရာနှင့်ချီ စုဝေးခဲ့ပြီး မြန်မာအာဏာသိမ်းမှုအပေါ် ပြင်းထန်အားကောင်းသည့် ရပ်တည်ချက်တစ်ခု ထားရှိလုပ်ဆောင်ရေး သြစတြေးလျအစိုးရကို တိုက်တွန်းခဲ့သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံခေါင်းဆောင်များကို ထိန်းသိမ်းထားခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေခဲ့ကာ အဆိုပါ ဆန္ဒပြပွဲများအတွင်း လူ ၅၀ ဦးကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်သည်းခံမှုရှိဖို့နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကနေ ရှောင်ဖို့ ကျွန်မတို့ ဆက်ပြီး အပြင်းအထန် တိုက်တွန်းသွားပါမယ်”ဟု မာရိုက်စ် ပေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required