ဟောင်ကောင်ပြုပြင်ပြောင်းလဲရေး အဆိုပြုဥပဒေကြမ်းက ကြောင်းကျိုးညီညွတ်မှုရှိဟု တရုတ် ခုခံပြော

 ဟောင်ကောင်ပြုပြင်ပြောင်းလဲရေး အဆိုပြုဥပဒေကြမ်းက ကြောင်းကျိုးညီညွတ်မှုရှိဟု တရုတ် ခုခံပြော
Photo: EPA

ဟောင်ကောင်ရဲ့ ဥပဒေပြုရွေးကောက်ပွဲအပေါ် ဗီတိုအာဏာသစ်တွေ ချမှတ်တဲ့ တရုတ်ရဲ့ အငြင်းပွားဖွယ် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ခုခံကာကွယ်ပြောပါတယ်။

အဲဒီ အဆိုပြုချက်တွေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ရေးကို တိုက်ခိုက်တာပဲလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ “ဥပဒေနဲ့ ညီပြီး၊ မျှတတဲ့ ကျိုးကြောင်းညီညွတ်”တဲ့ အဆိုပြုချက်တွေပဲ ဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ခုခံကာကွယ်ပြောလာတာ ဖြစ်ပါတယ်။

ဟောင်ကောင်က ရွေးကောက်ပွဲ ကိုယ်စားလှယ်အားလုံးကို တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်သူတွေက စိစစ်ရွေးချယ်ရတဲ့ ဥပဒေအဆိုပြုချက်ကို သောကြာနေ့မှာ ကျင်းပတဲ့ ပေကျင်းက လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော် အဖွင့်အစည်းအဝေးမှာ တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်တွေဟာ ဟောင်ကောင်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ရေး လိုအပ်ချက်ဖြစ်တယ်လို့ ပေကျင်းက လွှတ်တော်ပြင်ဖက် သတင်းစာရှင်းလင်းပွဲမှာ ဝန်ယီက ပြောပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဟောင်ကောင်မှာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသမှုကြီးတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပြီး ရံဖန်ရံခါ အကြမ်းဖက်မှုအသွင် ဆောင်ခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ ဝရုန်းသုန်းကား အခြေအနေက အုပ်ချုပ်စီမံနိုင်တဲ့ အခြေအနေဆီ ကူးပြောင်းနိုင်အောင် အခု အဆိုပြု စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရတာ ဖြစ်ပြီး ဒါဟာ ဖွဲ့စည်းပုံနဲ့လည်း ညီပါတယ်လို့ ဝန်ယီက ဆိုပါတယ်။

ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်မှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာကို ပြီးခဲ့တဲ့နှစ်က လွှတ်တော်အစည်းအဝေးမှာ ပြဋ္ဌာန်းခဲ့တဲ့ လုံခြုံရေးဥပဒေနဲ့ ဖမ်းဆီးထောင်ချပြီး နောက်တစ်ရက်မှာပဲ အခု အဆိုပြုချက်တွေကို ကြေညာလာတာလည်း ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းတဲ့ အခု အဆိုပြုချက် ဥပဒေကြမ်းကို တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်တဲ့ အစည်းအဝေးမှာ ကန့်ကွက်သူ မရှိသလောက်နီးပါး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အဆိုပြု ဥပဒေကြမ်းကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြပြီး တရုတ်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှ အုပ်ချုပ်မှုလက်အောက်က ဟောင်ကောင်ကို လက်လွှဲယူရချိန် ပေးအပ်ထားတဲ့ ကတိဖြစ်တဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required