မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် ရိုဟင်ဂျာအမြောက်အမြားကို အိန္ဒိယ ထိန်းသိမ်းထား

မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် ရိုဟင်ဂျာအမြောက်အမြားကို အိန္ဒိယ ထိန်းသိမ်းထား
Photo: EPA

မတ် ၈ 

အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသက ထိန်းသိမ်းရေးစင်တာတစ်ခုမှာ မြန်မာနိုင်ငံဆီ ပြန်ပို့မယ့်အလားအလာရှိတဲ့ ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) အမြောက်အမြားကို စုဝေးထားရှိထားတယ်လို့ တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့မှာ AFP ကိုပြောပါတယ်။

အာဏာပိုင်တွေက အနည်းဆုံး မွတ်စလင် ၁၆၈ ယောက်ကို စနေနေ့ကတည်းက ခေါ်ဆောင်ထားပြီးဖြစ်တယ်လို့ ဂျမူး ရဲတပ်ဖွဲ့စစ်ဆေးရေးမှူး မူကက်ရှ်ဆင်းက ဆိုပါတယ်။

“ဒီ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားစိစစ်အတည်ပြုပြီးတဲ့နောက်မှာ သူတို့ကို မြန်မာနိုင်ငံပြန်ပို့ဖို့အတွက် အသေးစိတ်အချက်အလက်တွေကို နယူးဒေလီက ပြည်ပရေးရာဝန်ကြီးဌာနဆီ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားမှာ အနည်းဆုံး ရိုဟင်ဂျာ ၅ ၀၀၀ လောက်ရှိတယ်လို့ ထင်ပါတယ်” လို့ မူကက်ရှ်ဆင်းက AFP ကို ပြောပါတယ်။

ရိုဟင်ဂျာအများစုဟာ ဟိန္ဒူအများစုနေထိုင်ရာ ဂျမူးဒေသက ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြတာဖြစ်ပြီး သူတို့ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဂျမူးရှိ ဘာသင်ဒီဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ ရာကစ်အမည်ရှိ ရိုဟင်ဂျာတစ်ဦးက “ကျည်ဆန်မိုးတွေ ရွာနေမယ့် မြန်မာနိုင်ငံကို ပြန်ပို့မှာထက် ကျွန်တော်တို့အားလုံးကို ဒီနေရာမှာပဲ အသေပစ်သတ်လိုက်တာမှ ပိုကောင်းဦးမယ်။ ရဲတွေက ကျွန်တော်တို့တွေကို လိုက်ရှာခေါ်ပြီး ကလေးတွေနဲ့ မိသားစုတွေကို ခွဲထုတ်နေကတည်းက အိပ်လို့ကို မရသေးပါဘူး” လို့ တနင်္ဂနွေနေ့က ဖုန်းနဲ့ AFP ကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ အိန္ဒိယမှာ မှတ်ပုံတင်စာရင်းပေးသွင်းထားတဲ့ ရိုဟင်ဂျာပေါင်း ၁၆ ၀၀၀ ခန့်ရှိပေမယ့် အထောက်အထားမဲ့နေထိုင်သူတွေ ဒီထက်ပိုရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။

ဝန်ကြီးချုပ်နရိန္ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရဟာ အိန္ဒိမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၄၀ ၀၀၀ ခန့်ကို အတည်ပြုဖို့နဲ့ နေရပ်ပြန်ပို့ဖို့ ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရတွေကို တောင်းဆိုထားတာ နှစ်နဲ့ချီနေပြီဖြစ်ပါတယ်။

အိန္ဒိယက ရိုဟင်ဂျာတွေကို လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားကာ အိုက်အက်စ်နဲ့ တခြား မွတ်စလင်အစွန်းရောက်အုပ်စုတွေနဲ့ ဆက်သွယ်မှုရှိတယ်လို့ စွပ်စွဲပြောဆိုထားပြီး အဆိုပါစွပ်စွဲချက်တွေကို ရိုဟင်ဂျာခေါင်းဆောင်တွေက ငြင်းဆိုထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ မူခ်တာအာမက်က “မနေ့က ကျွန်တော် အလုပ်သွားနေတုန်း ရဲတွေက အိမ်ရောက်လာပြီး ဇနီးကို ခေါ်သွားပါတယ်။ ဇနီးက ပြန်ရောက်မလာခဲ့ဘူး။ ကလေးငယ်တွေက တစ်ညလုံး ငိုနေကြတာ။ ကျွန်တော်တို့ ထွက်သွားရတော့မယ်။ ရွေးချယ်စရာ မရှိဘူးလေ။ ကလေးတွေကို မိဘတွေနဲ့ ခွဲထားကြတော့မယ်။ ကျွန်တော်တို့ ကလေးတွေအတွက် အရမ်းစိုးရိမ်တယ်။ ဇနီးလည်း အိမ်ကို ပြန်မရောက်လာသေးဘူး” လို့ ဆိုပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာလည်း ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ချေမှုန်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ၁ သန်းခန့်ရှိနေပါတယ်။

အသက်အန္တရာယ်ရှိတဲ့နေရာတွေဆီ ဒုက္ခသည်တွေပြန်ပို့တာကို တားမြစ်တဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေသကို ကမ္ဘာ့ဒီမိုကရေစီအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ လိုက်နာဖို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ယခင်က တိုက်တွန်းထားပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly