ဘန်ကောက်က ကုလသမဂ္ဂရုံးရှေ့ မြန်မာ ထောင်ပေါင်းများစွာ စစ်အာဏာသိမ်းမှုကို ဆန္ဒပြ 

ဘန်ကောက်က ကုလသမဂ္ဂရုံးရှေ့ မြန်မာ ထောင်ပေါင်းများစွာ စစ်အာဏာသိမ်းမှုကို ဆန္ဒပြ 
Photo: EPA

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ ကုလသမဂ္ဂရုံး အပြင်ဖက်မှာ မြန်မာ ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မတ် ၇ ရက်မှာ စုရုံးဆန္ဒပြကြပါတယ်။

ပြည်တွင်းမှာ ဆန္ဒပြသူတွေကို စစ်အာဏာသိမ်းအုပ်စုက ပြင်းပြင်းထန်ထန် ဖြိုခွင်းလျက်ရှိချိန်မှာ အခု ကုလသမဂ္ဂရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ထောက်ခံသူတွေဟာ တေးသီချင်းတွေ ဟစ်ကြွေးရင်း မြန်မာနိုင်ငံအလံကို ဝှေ့ယမ်းကြကာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းအုပ်စုဟာ NLD ပါတီက တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး မနေ့ညပိုင်းက ရန်ကုန်မြို့တွင်း စီးနင်းဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ဆက်လက်ဖြိုခွင်းနေပေမယ့်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်ပြီး အာဏာသိမ်းလိုက်ချိန်ကစလို့ နိုင်ငံအနှံ့အပြားမှာ ဆန့်ကျင်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာပါ။ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ တော်လှန်ရေးတွေ ဆင်နွှဲကြတာ ဖြစ်ပါတယ်။

လက်ရှိအထိ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လူသေဆုံးမှုအများဆုံးအဖြစ် ၃၈ ဦးအထိ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ အချို့ ဆန္ဒပြသူတွေဟာ ခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးသူ အနည်းဆုံး ၅၄ ဦးရှိတယ်လို့ ကုလသမဂ္ဂက အတည်ပြုပေမယ့် အမှန်သေဆုံးသူဦးရေဟာ ဒီထက်ပိုများနိုင်ပါတယ်။ ဖမ်းဆီးခံထားရသူဦးရေလည်း ၁၇၀၀ ကျော်ထက်မနည်း ရှိကြောင်း သိရပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမှာ ဒီကနေ့ ဆန္ဒပြမှုအတွင်း ရာဘာကျည်နဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး မေးရိုးကို ပစ်ခတ်ခံရသလို အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရပါတယ်။

“အမျိုးသမီးတစ်ဦး ဘယ်ခြေထောက်ကို ရာဘာကျည် ထိမှန်ပါတယ်”လို့ အမည်မဖော်တဲ့ ကယ်ဆယ်ရေးအသင်းသားတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

ရှေးဟောင်းပုဂံမြို့နားမှာ လုံခြုံရေးတပ်တွေဟာ ဆန္ဒပြသူတွေကို နံနက် ၉ နာရီလောက်မှာ စတင်ပစ်ခတ်တာဖြစ်ပါတယ်။

“အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း မေးရိုးနဲ့ လည်ပင်းတွေ ထိမှန်ခဲ့ပါတယ်”ဆိုပြီး ပုဂံကယ်ဆယ်ရေးအဖွဲ့ဝင် ကိုကိုဆိုသူက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly