ပိုက်လိုင်းလုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီ အာမခံ၊ တရုတ်က မြောက်ပိုင်းအဖွဲ့သတင်းမျှဝေရေး ကတိပြု

ပိုက်လိုင်းလုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီ အာမခံ၊ တရုတ်က မြောက်ပိုင်းအဖွဲ့သတင်းမျှဝေရေး ကတိပြု
Photo: Thaung Tin/ facebook

မြန်မာနိုင်ငံအလယ်ကို ခါးပိုင်းဖြတ်သွားသည့် ကျောက်ဖြူ-ယူနန် တရုတ်ပိုက်လိုင်းတလျှောက် ရဲစခန်း ၅၉ ခုဖြင့် စောင့်ကြပ်နေသော်လည်း လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီကို တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တရုတ်-မြန်မာ စီမံကိန်းကြီးများ၏လုံခြုံရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးဆွေးနွေးပွဲတွင် ယင်းသို့ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးကို မှတ်တမ်းတင်ထားသည့် လျှို့ဝှက်အဆင့်ရှိ စာတွင် ယင်းသို့ ဖော်ပြထားသည်ကို မဇ္ဈိမက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပလုံခြုံရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ တရုတ်ပိုက်လိုင်း (CNPC) ၏ ဒုတိယမန်နေဂျာနှင့် တရုတ်သံအမတ် ချင်းဟိုင် (Chen Hai) တို့ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေးညွှန်ချုပ်က မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးများ မြင့်တက်လာကြောင်းနှင့် ပိုက်လိုင်းများဖျက်ဆီးရန် လှုံ့ဆော်မှုများကြုံနေရကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့၏ အနေအထားကြောင့် ထိခိုက်မှုရှိလာနိုင်သည့်အတွက် တရုတ်ဝန်ထမ်းများ၏ လုံခြုံရေးကိုပါ စိတ်ပူကြောင်းဆိုသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် စစ်ကောင်စီအာဏာသိမ်းမှုတွင် မည်သည့်မှတ်ချက်မှမပြုဘဲ နှုတ်ပိတ်နေ၍ ပြည်သူများက တရုတ်နိုင်ငံ၏ သြဇာခံများအဖြစ် စွပ်စွဲထားသည့်အဖွဲ့များဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ဦးဆောင်ခဲ့သည့် ရဲမှူးချုပ် အောင်ဌေးမြင့်က ပိုက်လိုင်းတလျှောက် ရဲတပ်ဖွဲ့က လုံခြုံရေး အပြည့်အစုံ မပေးနိုင်၍ အချို့နေရာများတွင် တပ်မတော်က တာဝန်ယူဆောင်ရွက်ကြောင်း၊ ပိုက်လိုင်း မြေပြင်သတင်းအချက်လက်များ စုဆောင်းပြီး တရုတ်နှင့် ဆွေးနွေးလျှက်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ၏ အခြေအနေကို တရုတ်ဘက်က ကြိုတင်သိရှိသဖြင့် ယင်းအချက်လက်များကို မျှဝေပေးစေလိုကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သီတာအေးက တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးညွှန်ချုပ်က မြောက်ပိုင်းမဟာမိတ်တပ်များ၏ အချက်အလက်ကို စစ်ကောင်စီထံမျှဝေပေးမည်ဟု ကတိပြုခဲ့ပြီး မြန်မာအနေဖြင့်လည်း နိုင်ငံ၏လုံခြုံရေးအခြေအနေကို တရုတ်နှင့်မျှဝေရန်လိုကြောင်း ဆိုခဲ့သည်။

ဆွေးနွေးပွဲတွင် တရုတ်၏ ပိုးခါးပတ်လမ်းမကြီး (BRI) စီမံကိန်းများနှင့် တရုတ်ကုမ္ပဏီဝန်ထမ်းများ၏ လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးသော်လည်း ပိုက်လိုင်းလုံခြုံရေးကို ဦးစားပေးဆွေးနွေးခဲ့ကြသည်။

တရုတ်က ယင်းပိုက်လိုင်းသည် BRI ၏ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည်ဟု ဆိုထားသည်။ တရုတ်ပိုက်လိုင်းသည် ဦးသိန်းစိန်ခေါင်းဆောင်သော ကြံ့ခိုင်ရေးအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ဒေါ်လာ သန်းရာချီရှာပေးနေသော စီမံကိန်းတစ်ခုဖြစ်သည်။

ဆွေးနွေးပွဲမှတ်တမ်းအရ တရုတ်နှင့် စစ်ကောင်စီတို့၏ဆွေးနွေးမှုတွင် တစ်လကျော်အတွင်း လူပေါင်း ၅၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ထားမှု၊ ထောင်နှင့်ချီသော ထိန်းသိမ်းထားခံထားရသူများကိစ္စနှင့် အကြမ်းဖက်ဖြိုခွင်းနေသည့် ကိစ္စရပ်များကို ထည့်သွင်းပြောဆိုခြင်းပင် မရှိပေ။

မြန်မာနိုင်ငံဘက်မှ ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဒေါ်မြတ်သီတာအေး၊ ညွှန်မှူး ဒေါ်နီလာစိုး၊ ညွှန်မှူး ဒေါ်ဖြူဖြူစိုးတို့ တက်ရောက်ခဲ့ကြောင်း အစည်းဝေးမှတ်တမ်းတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required