CDM မလုပ်တဲ့ဝန်ထမ်းတွေ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်နေဟု CRPH ပြော

CDM မလုပ်တဲ့ဝန်ထမ်းတွေ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်နေဟု CRPH ပြော
Photo: EPA

 တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို သစ္စာခံပြီး CDM လှုပ်ရှားမှု မဆောင်ရွက်တဲ့ ဝန်ထမ်းတွေသာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း CRPH မှ ကြေညာလိုက်ပါတယ်။ 

မတ်လ ၇ ရက်နေ့ရက်စွဲနဲ့ အချက် ၄ ချက်ကိုထုတ်ပြန်လိုက်တာဖြစ်ပြီး ပုဒ်မ ၁၀။ ပုဒ်မခွဲ (ဆ) အရ နိုင်ငံ့ဝန်ထမ်းများ “ပါတီနိုင်ငံရေး ကင်းရှင်းရမည်” လို့ဆိုရာမှာ CDM လှုပ်ရှားမှု ဆောင်ရွက်တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပါတီအဖွဲ့အစည်းတစ်ခုခုရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်တာမဟုတ်တဲ့အတွက် အထက်ပါ ဉပဒေပြဌာန်းချက်နဲ့ ငြိစွန်းမှုမရှိဟု ရေးသားထားပါတယ်။ 

နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူက ဒီမိုကရေစီနည်းလမ်းအရ တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရစီမံအုပ်ချုပ်တဲ့ နိုင်ငံတော်ကိုပဲ ကျေးဇူးသစ္စာစောင့်သိရိုသေဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း CRPH က ပြောပါတယ်။ 

ဒီ့အပြင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ဉပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိရန် မလိုအပ်လို့လည်း ပြောပါတယ်။ 

ယခုအချိန်မှာ CDM လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို “နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က)၊ နှင့် (ဆ)” ပါပြဌာန်းချက်တွေနဲ့ လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ဆိုပြီး အပြစ်ပေးအရေးယူနေတာတွေကို တွေ့နေရလို့ CRPH က အခုလိုထုတ်ပြန်တာလို့ သိရပါတယ်။ 

အချုပ်အားဖြင့်ဆိုရရင် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်တာဟာ နိုင်ငံ့ဝန်ထမ်းဉပဒေကို ဖောက်ဖျက်ကျူးလွန်ရာမရောက်ဘဲ CDM လှုပ်ရှားမှုမှာမပါဝင်တဲ့ ဝန်ထမ်းတွေသာ ဉပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေတယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly