မြန်မာနိုင်ငံသား ၈၀ ကျော် အိန္ဒိယနိုင်ငံထဲ ၀င်ရန် နယ်စပ်၌ စောင့်ဆိုင်းနေခဲ့ကြဟု တာ၀န်ရှိသူများ ပြော

မြန်မာနိုင်ငံသား ၈၀ ကျော် အိန္ဒိယနိုင်ငံထဲ ၀င်ရန် နယ်စပ်၌ စောင့်ဆိုင်းနေခဲ့ကြဟု တာ၀န်ရှိသူများ ပြော
မတ်လ ၃ ရက်နေ့က နယူးဒေလီမှာ ဆန္ဒပြသူတွေဟာ အိမ်နီးချင်းမြန်မာမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ချီတက်ခဲ့စဉ်။ ဓာတ်ပုံ - AFP

မတ် ၇

မြန်မာနိုင်ငံသားအယောက် ၈၀ ကျော်သည် အိန္ဒိယနိုင်ငံထဲ ၀င်ရောက်ရန် နယ်စပ်၌ စု‌ဝေးရောက်ရှိခဲ့ကြောင်းနှင့် ၎င်းတို့သည် အစောပိုင်းက နယ်စပ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံထဲ ရောက်ရှိသွားနှင့်ပြီးဖြစ်သည့် လူ ၅၀ ဦးခန့်နှင့်အတူ ပူးပေါင်းနိုင်ရန် စောင့်ဆိုင်းနေခဲ့ကြကြောင်း အိန္ဒိယတာ၀န်ရှိသူများက စနေနေ့တွင် ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခုအပတ်အတွင်း နယ်စပ်ဖြတ်ကာ အိန္ဒိယနိုင်ငံထဲ ခိုလှုံသွားခဲ့သည့် ရဲရှစ်ဦးကို ပြန်ပို့ရန် မြန်မာအာဏာပိုင်များက အိန္ဒိယထံ တောင်းဆိုထားခဲ့သည်။

“ရဲ ရှစ်ယောက်အပါအ၀င် မြန်မာနိုင်ငံသား ၄၈ ယောက်ဟာ အိန္ဒိယရဲ့ အရှေ့မြောက် မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခဲ့ကြပါတယ်”ဟု အာသံရိုင်ဖယ် လက်နက်ကိုင်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့သည်။

“မြန်မာနိုင်ငံက အရပ်သား ၈၅ ဦးထက်မနည်းဟာ အိန္ဒိယဘက်ကို ၀င်ဖို့ နိုင်ငံတကာ နယ်စပ်မှာ စောင့်နေခဲ့ကြတာဖြစ်တယ်” ဟု အမည်မဖော်ပြခဲ့သည့် အဆိုပါအရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတ၀န်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပျံ့နှံ့ဖြစ်ပေါ်လျက် ရှိသည်။ လုံခြုံရေးတပ်ဖွဲ့များဘက်က ဆန္ဒပြသူများအပေါ် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ထားခဲ့ပြီးနောက် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။

နယ်စပ်ဖြတ်ကာ အိန္ဒိယဘက် ရောက်လာသူများထဲတွင် မြန်မာစစ်တပ်အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ငြင်းဆန်ခဲ့သည့် ရဲများနှင့် ဒေသအရာရှိများ ပါ၀င်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။

နယ်စပ်ဖြတ်ကျော် ခိုလှုံသွားသော ရဲရှစ်ဦးကို အမြန်ဆုံး ပြန်ပို့ပေးရန် တောင်းဆိုထားသည့် စာတစ်စောင်ကို မြန်မာဘက်က အိန္ဒိယဘက်သို့ ပေးပို့ခဲ့သည်။

ထိုစာကို မီဇိုရမ်ပြည်နယ် Champhai ခရိုင်ရှိ တာ၀န်ရှိသူများထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် အိန္ဒိယနယ်နမိတ်ထဲ ရောက်နေခဲ့တဲ့ ရဲ၀န်ထမ်းရှစ်ဦးကို ထိန်းသိမ်းပြီး မြန်မာဘက်ကို ပြန်လွှဲပေးဖို့ တောင်းဆိုပန်ကြားပါတယ်” ဟု ယင်းစာထဲတွင် ရေးသားထားသည်။

အိန္ဒိယအစိုးရတာ၀န်ရှိသူများက ပြောရာတွင် နယ်စပ်ဖြတ်ကာ ၀င်ရောက်ထားခဲ့သူများ၏ဖြစ်စဥ်များနှင့်အတူ ထိုစာကို လေ့လာသုံးသပ်နေသည်ဟု သိရသည်။

တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် မြန်မာနှင့်အကြား နီးကပ်သည့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းနေခဲ့သည့် အိန္ဒိယသည် မြန်မာစစ်အာဏာသိမ်းမှုအပေါ် ရှုတ်ချထားခဲ့ခြင်း မရှိပေ။ သို့သော် ကုလဆိုင်ရာ အိန္ဒိယသံအမတ် တီအက်စ် တီရူမာတီက ယခုအပတ်ထဲ ပြောကြားခဲ့ရာတွင် ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများ တိုက်စားခံရမှုမျိုး မဖြစ်သင့်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly