ထိုင်းမှာ လူပေါင်းရာနဲ့ချီ စုရုံးချီတက်ပြီး တော်၀င်အသရေဖျက်မှုဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြ

ထိုင်းမှာ လူပေါင်းရာနဲ့ချီ စုရုံးချီတက်ပြီး တော်၀င်အသရေဖျက်မှုဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြ
Photo: EPA

မတ် ၇

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ လူသိများတဲ့ တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ အလွန်ပြင်းထန်တဲ့ တော်၀င်အသရေဖျက်မှု ဥပဒေတို့အပေါ် ဆန့်ကျင်ကန့်ကွက်ဖို့အတွက် ယမန်နေ့ စနေနေ့က လူပေါင်းရာနဲ့ချီတို့ဟာ ဘန်ကောက်မြို့ထဲမှာ စုဝေးချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကတော့ နိုင်ငံမှာ ယမန်နှစ် ဇူလိုင်လက စတင်ခဲ့တဲ့ လူငယ်ထုဦးဆောင်တဲ့ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။ အဆိုပါ လူငယ်ထု ဦး‌ဆောင်တဲ့ လှုပ်ရှားမှုကတော့ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရ နုတ်ထွက်ရေးနဲ့ စစ်တပ် ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးကို တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ နိုင်ငံမှာ သြဇာအာဏာ ကြီးတဲ့ ဘုရင် မဟာ ၀ီဇရလောင်ကွန်းနဲ့ တော်၀င်ဘုရင့်မိသားစုတို့ကို အသရေဖျက်မှုကနေ အကာအကွယ်ပေးထားတဲ့ lese majeste ဥပဒေ ဖျက်သိမ်းရေးအတွက်လည်း တောင်းဆိုနေကြပါတယ်။ အဆိုပါ ဥပဒေအောက်မှာ စွဲချက်တစ်ခုကို အများဆုံး ထောင် ၁၅ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်တာ ဖြစ်ပါတယ်။

ယမန်နေ့မှာတော့ ထိုင်းဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးဆီ ချီတက်ခဲ့ကြစဉ် “ပရာယွတ် နုတ်ထွက်ပေး” ၊ “ပုဒ်မ ၁၁၂ ဖျက်သိမ်းပေး” ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။ ပုဒ်မ ၁၁၂ ကတော့ တော်၀င်မိသားစုအပေါ် စော်ကားမှုတွေကို ပိတ်ပင်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ဖြစ်ပါတယ်။

“လူငယ်မျိုးဆက်မှာ ကျွန်တော့်လိုပဲ တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေကြပါတယ်” လို့ အသက် ၅၁ နှစ်ရှိ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကန်နိုကွမ်က ပြောပါတယ်။

“အကြမ်းဖက်မှုကို ကျွန်တော် မကြောက်ပါဘူး၊ အစိုးရသစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲမှုကို ကျွန်တော် လိုချင်ပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေ တရားရုံးရှေ့ ရောက်ခဲ့ချိန်မှာ အချို့ဟာ ထိုင်းဘုရင်ရဲ့ ပုံတူတစ်ခုအောက်မှာ အမှိုက်သရိုက်တွေ၊ ပစ္စည်းတွေကို စုပုံပြီး မီးရှို့ခဲ့ကြပါတယ်။ အခြားဆန္ဒပြသူတွေကတော့ လက်ရှိအချိန်မှာ lese majeste ဥပဒေအတွက် အကျဉ်းထောင်သံတိုင်တွေနောက် ရောက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ရုပ်ပုံ‌ ပိုစတာတွေကို ကိုင်မြှောက်ဆန္ဒပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly