တရုတ်ကို အင်အားအနေထားပေါ်မူတည်ပြီး အမေရိကန်က ဆက်ဆံမည်

By Zee 5
07 March 2021
တရုတ်ကို အင်အားအနေထားပေါ်မူတည်ပြီး အမေရိကန်က ဆက်ဆံမည်
Photo: EPA

တရုတ်၏အင်အားအနေထားပေါ်မူတည်ပြီး ဆက်ဆံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ်လ ၃ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ၂၁ ရာစု၏ အကြီးမားဆုံး ပထဝီနိုင်ငံရေးစမ်းသပ်မှုဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေး ပေါ်လစီမိန့်ခွန်းတွင် ဘလင်ကန်က တရုတ်နှင့် အမေရိကန်ဆက်ဆံရေးသည် ပြိုင်ဘက်ဖြစ်သင့်သည့်အချိန်တွင် ပြိုင်ဘက်ဖြစ်နေမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရမည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ ပဋိပက္ခဖြစ်မည့်အချိန်တွင် ဖြစ်မည်ဖြစ်ကြောင်း ဆိုသည်။

“ယေဘုယျအားဖြင့်တော့ တရုတ်ကို အင်အားအနေအထားပေါ်မူတည်ပြီး ဆက်ဆံဖို့ လိုပါတယ်။ ဒီအတွက်မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလုပ်လုပ်ဖို့ လိုပါတယ်။ သူတို့ကို စိတ်ပျက်အောင် လုပ်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စုစုပေါင်းစွမ်းအားကို တရုတ်က လျစ်လျူရှုဖို့ ပိုခက်တယ်။ သံတမန်ရေးနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နောက်ဆုတ်တာနဲ့ တရုတ်က နေရာဝင်ယူသွားမှာပါ”လို့ သူက ဆိုသည်။

ထို့ပြင် ၎င်းက တရုတ်နိုင်ငံသည် တည်ငြိမ်ပြီး ပွင့်လင်းသော အပြည်ပြည်ဆိုင်ရာစနစ်အား အကြီးအကျယ် စိန်ခေါ်နေသည့် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ စွမ်းအားရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း သို့မဟုတ် ဟောင်ကောင် ဒီမိုကရေစီနင်းချေခံရသော်လည်း တရုတ်နှင့် ထိတွေ့ဆက်ဆံသည့်အခါ ကျွန်ုပ်တို့၏တန်ဖိုးများအတိုင်း ရပ်တည်ရန်လိုအပ်ကြောင်းနှင့် မရပ်တည်ပါက တရုတ်က အထိန်းအကွပ်မရှိ လုပ်ဆောင်နေပါလိမ့်မယ်။ ဆိုလိုတာကတော့ အမေရိကန်လုပ်သားများ၊ ကုမ္ပဏီများ၊ နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ တန်းတူအခွင့်အရေးရအောင် ပြုလုပ်နိုင်မည်ဆိုပါက ကျွန်တော်တို့က ပိုပြီးယှဉ်ပြိုင်နိုင်စွမ်းပိုသာ သွားမည်ဖြစ်ကြောင်း”ဘလင်ကန်က ဖြည့်စွက်ပြောကြားသည်။

သူ၏မိန့်ခွန်းတွင် သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် အမေရိကန်၏သံတမန်ရေးကို မည်သို့ဆောင်ရွက်မည်နှင့် အမေရိက၏ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုကို ပြန်လည်ထူထောင်ရန်စီစဉ်ထားပုံနှင့် ပတ်သက်၍ အချက် (၈) ချက် ဖော်ပြခဲ့သည်။

“ရုရှား၊ အီရန်၊ မြောက်ကိုရီးယား စတဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံအများစုက တင်ပြကြပြီး ယီမင်၊ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံတွေမှာ ကျွန်တော်တို့အနေနဲ့ ကိုင်တွယ်ရမယ့် ကြီးမားတဲ့ ပြဿနာတွေရှိနေပါတယ်”ဟုသူက ပြောသည်။

ရှင်ကျန်းရှိ ဝီဂါလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှုတွင် တရုတ်ကွန်မြူနစ်ပါတီပါဝင်ခဲ့သည်ဟူသော ဝန်ကြီးဟောင်း မိုက်ခ်ပွန်ပဲယို၏ မှတ်ချက်နှင့်ပတ်သက်ပြီး သဘောတူခဲ့ကြောင်း ဘလန်ကင်က ပြောကြားထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required