အိန္ဒိယနယ်စပ်ဖြတ်ခိုလှုံသွားသော ရဲများကို ပြန်ပို့ရန်  မြန်မာတောင်းဆို

အိန္ဒိယနယ်စပ်ဖြတ်ခိုလှုံသွားသော ရဲများကို ပြန်ပို့ရန်  မြန်မာတောင်းဆို
Photo: EPA

မတ် ၆ ၊ ၂၀၂၁ ခုနှစ်

အာဏာသိမ်းစစ်ကောင်စီ ၏ အမိန့်ညွှန်ကြားချက်များကို ရှောင်ရှားရန်  အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ခိုလှုံသွားသော ရဲအရာရှိများကို ပြန်ပို့ရန် မြန်မာဘက်က တောင်းဆိုထားကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ချန်ဖိုင်ဒေသမှ အရာရှိတစ်ဦးက မတ်လ ၆ ရက်တွင် Channel News Asia သို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းလာခဲ့ကာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သောကြောင့် မကြာသေးမီရက်များက မြန်မာရဲနှင့်၎င်းတို့ မိသားစုဝင်ပေါင်း  ၃၀ ခန့်သည် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ကာ ဘေးလွတ်ရာ ခိုလှုံသွားခဲ့ခြင်းဖြစ်သည်။

ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ထိန်းသိမ်းသည့်အနေဖြင့်  ရဲအရာရှိ ရှစ်ဦးကို ပြန်ပို့ပေးရန် မြန်မာနိုင်ငံ ဖလမ်းဒေသမှ တာဝန်ရှိသူက တောင်းဆိုသော စာတစ်စောင် လက်ခံရရှိခဲ့သည်ဟု အိန္ဒိယ မီဇိုရမ်ပြည်နယ်ရှိ ချန်ဖိုင်ဒေသမှ အကြီးတန်းအရာရှိတစ်ဦးက Channel News Asia သို့ ပြောသည်။  

ဒု-ကော်မရှင်နာ Maria CT Zuali က သူမအနေဖြင့် နယူးဒေလီမြို့ရှိ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း စနေနေ့တွင် ရိုက်တာသတင်းဌာနကို ပြောသည်။  

မြန်မာရဲများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM လှုပ်ရှားမှုကို ပူးပေါင်းကြကြောင်း လူမှုမီဒီယာများပေါ်၌ တင်ထားကြသော်လည်း ယခုကိစ္စသည် မြန်မာနိုင်ငံအတွင်းမှ ရဲများ နယ်စပ်ဖြတ်ကျော် ခိုလှုံသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်။  

ရိုက်တာသတင်းဌာနမှ ရရှိထားသည့် အဆိုပါမိတ္တူစာ၌ မြန်မာအာဏာပိုင်များက  ၎င်းတို့အနေဖြင့် အိန္ဒိယသို့ ဖြတ်ကျော်ဝင်ရောက်သွားသော ရဲအရာရှိ ရှစ်ဦးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိထားသည်ဟု ဖော်ပြထားသည်။ ၎င်းစာ၌ အမျိုးသမီးရဲအရာရှိတစ်ဦးအပါအဝင် အသက် ၂၂ နှစ်နှင့် ၂၅ နှစ်အကြားရှိ ရဲ လေးဦး၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။  

“အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်သော ရင်းနှီးဆက်ဆံမှုကို ထိန်းသိမ်းရန်အလို့ငှာ အိန္ဒိယပိုင်နက်ထဲသို့ ရောက်ရှိနေသော မြန်မာရဲ ရှစ်ဦးကို ထိန်းသိမ်းထားရန်နှင့်  မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးရန် မေတ္တာရပ်ခံပါသည်” တောင်းခံစာ၌ ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အိန္ဒိယဖယ်ဒရယ်ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိခဲ့ပေ။  

ကိုးကား -https://www.channelnewsasia.com/news/asia/myanmar-asks-india-to-return-e...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required