အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် ပထမဆုံး စမ်းသပ်မောင်းနှင် 

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် ပထမဆုံး စမ်းသပ်မောင်းနှင် 

မတ် ၆  

အင်္ဂါဂြိုဟ်စူးစမ်းရေးစက်ရုပ်ယာဉ် Perseverance ဟာ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ ပထမဆုံး စမ်းသပ်မောင်းနှင်မှုကို ကြာသပတေးနေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဘီး ခြောက်ဘီးတပ်ဆင်ထားတဲ့ အဆိုပါစက်ရုပ်ယာဉ်ဟာ ၃၃ မိနစ်အတွင်း ၆.၅ မီတာ (၂၁.၃ ပေ) ခန့် ခရီးနှင်နိုင်ခဲ့တယ်လို့ အမေရိကန်အာကာသအေဂျင်စီ NASA က သောကြာနေ့မှာ ပြောပါတယ်။  

Perseverance ဟာ အရှေ့ကို လေးမီတာ၊ လက်ဝဲဘက်ကို ၁၅၀ ဒီဂရီစောင်းကာလှည့်ပြီးနောက် ၂.၅ မီတာ (၈.၂ ပေ) နောက်ပြန်ဆုတ်ခဲ့ကာ အင်္ဂါဂြိုဟ်မျက်နှာပြင်ရဲ့ မြေမှုန့်တွေပေါ်မှာ ယာဉ်ရဲ့ဘီးတာရာလမ်းကြောင်းတွေ ထင်ကျန်စေခဲ့ပါတယ်။  

“ဒါဟာ Perseverance ကို လှည့်ပတ်မောင်းနှင်ကြည့်ပြီး စမ်းသပ်တဲ့ ပထမဆုံး အခွင့်အရေးတစ်ခုပါ။ စမ်းသပ်မောင်းနှင်မှုက မယုံနိုင်လောက်အောင်ကို ကောင်းမွန်ခဲ့ပြီး မစ်ရှင်နဲ့ စက်ရုပ်ယာဉ်ရွေ့လျားမှုဆိုင်ရာအဖွဲ့အတွက် ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ အချိန်ပိုကြာအောင် စမ်းသပ်မောင်းနှင်နိုင်ဖို့ ကျွန်မတို့တွေ လုပ်ဆောင်သွားမှာပါ။ ဒါဟာ အစပဲရှိပါသေးတယ်” လို့ ကယ်လီဖိုးနီးယားပြည်နယ် ပက်ဆာဒီနာမြို့ ရှိ NASA ရဲ့ သုတေသနနဲ့ဖွဲ့ဖြိုးမှုစင်တာ Jet Propulsion Laboratory က Perseverance ရွေ့လျားမှုဆိုင်ရာစမ်းသပ်ရေးအင်ဂျင်နီယာ Anais Zarifian က ပြောပါတယ်။  

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ စက်ရုပ်ယာဉ်အနေနဲ့ ပိုမိုရှည်လျားနဲ့ခရီးလမ်းကြောင်းတွေ သွားလာနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေကိုလည်း NASA အင်ဂျင်နီယာတွေက ရှာဖွေလျက်ရှိပါတယ်။ 

Perseverance စူးစမ်းရေးစက်ရုပ်ယာဉ်က သယ်ဆောင်လာတဲ့  ဒရုန်းရဟတ်ယာဉ်ကိုလည်း ပထမဆုံးစမ်းသပ်ပျံသန်းဖို့ အင်ဂျင်နီယာတွေက ပြင်ဆင်နေပါတယ်။ သူတို့အဖွဲ့က ရဟတ်ယာဉ်ပျံသန်းရေးဇုန်ကိုလည်း တွက်ချက်အဖြေရှာနေခဲ့ကြပြီး ပထမဆုံးပျံသန်းမှုကို နွေဦးနှောင်း ဒါမှမဟုတ် နွေရာသီအစောပိုင်းမှာ လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်အထိတော့ မစ်ရှင်က ကြီးကြီးမားမားပြဿနာ ဘာတစ်ခုမှ မကြုံသေးပါဘူး။ အသေးအဖွဲ ကိစ္စလေးတွေပဲရှိပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့သမျှအားလုံး လှလှပပနဲ့ အလုပ်ဖြစ်ခဲ့ပါတယ်” လို့ Perseverance လက်ထောက်မစ်ရှင်မန်နေဂျာ Robert Hogg က ဆိုပါတယ်။ 

ဂြိုဟ်နီလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အတိတ်ကာလက သက်ရှိလက္ခဏာတွေကို စူးစမ်းရှာဖွေတဲ့မစ်ရှင်အနေနဲ့ Perseverance အင်္ဂါဂြိုဟ်စူးစမ်းရေးစက်ရုပ်ယာဉ်ကို ၂၀၂၀ ခုနှစ် ဂျူလိုင် ၃၀ ရက်က လွှတ်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှာ ဂြိုဟ်မျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စက်ရုပ်ယာဉ်ရဲ့ အဓိကမစ်ရှင်ဟာ နှစ်,နှစ်ကျော်ကြာမှာဖြစ်ပေမဲ့ အဲဒီအချိန်ထက်ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ 

ရှေ့ကလွှတ်တင်ခဲ့တဲ့ Curiosity အင်္ဂါဂြိုဟ်စူးစမ်းရေးစက်ရုပ်ယာဉ်ဟာ ဂြိုဟ်ပေါ်ဆင်းသက်ခဲ့ပြီးနောက် ရှစ်နှစ်ကြာမျှ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ပါတယ်။  

Perseverance ဟာ လာမယ့်နှစ်တွေမှာ   ကျောက်တုံးနဲ့မြေသားနမူနာ ၃၀ ကို ကြိုးစားကောက်ယူသွားမှာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးဖို့အတွက် အဲဒီနမူနာထည့်ထားတဲ့အလုံပိတ်ပြွန်ပုံစံဘူးတွေကို ၂၀၃၀ ပြည့်နှစ်အတွင်း ကမ္ဘာမြေဆီ ပြန်ပို့သွားမှာဖြစ်ပါတယ်။  

SUV ကားအရွယ်အစားရှိပြီး တစ်တန်အလေးချိန်ရှိတဲ့ Perseverance စက်ရုပ်ယာဉ်ဟာ နှစ်မီတာ (ခုနစ်ပေ) အရှည်ရှိ စက်ရုပ်လက်တံရှည်တစ်ခု ၊ ကင်မရာ ၁၉ လုံး၊ မိုက်ခရိုဖုန်း နှစ်လုံးနဲ့ သိပ္ပံဆိုင်ရာအချက်အလက်များရရှိရေးအတွက် အထောက်အကူဖြစ်စေမဲ့ နောက်ဆုံးပေါ် ခေတ်မီကိရိယာအစုံလိုက် တပ်ဆင်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required