CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်း ၁၁ ဦးနှင့် ကူညီဆောင်ရွက်ပေးရန် လှုံ့ဆော်သူတစ်ဦးကို တရားစွဲ

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်း ၁၁ ဦးနှင့် ကူညီဆောင်ရွက်ပေးရန် လှုံ့ဆော်သူတစ်ဦးကို တရားစွဲ

CDM လှုပ်ရှားမှု တွင်ပါဝင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ (၉ )ဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား)မှ ၁ ဦး၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၁ ဦးနှင့် ကူညီရန် လှုံ့ဆော်ပေးသူ တစ်ဦး စုစုပေါင်း ၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ၅၀၅-က တို့ဖြင့် ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရန်းစီးစနစ်ဖြင့် တရားစွဲတင်ခဲ့သည်။

အဆိုပါ တရားစွဲတင် ခံထားရသူများအနက်က ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ )ဖြင့် စွဲဆိုပြီး၊ ကျန် ၇ဦးကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားကြောင်း လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသန်းလွင်ကပြောသည်။

"လာပြီးအမှုဖွင့်တဲ့ စွပ်စွဲချက်ကတော့ လူမှုကွန်ယက်ပေါ်မှာ မက်ဆင်ဂျာကနေ တဆင့် သူတို့ရဲ့ အကောင့်တွေကနေ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းတွေကို CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့လှုံ့ဆော်ရေးသားတာတို့ အစိုးရဝန်ထမ်းတွေကို ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်စေဖို့ အစိုးရဝန်ထမ်းတွေကို အုပ်ချုပ်မှုယန္တရားတွေ ရပ်တန့်သွားစေရန် ရည်ရွယ်ပြီးသတင်းအမှားတွေ ပြောဆိုတယ်ဆိုပြီးတော့ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်”ဟု ဦးသန်းလွင်က ရှင်းပြသည်။ 

အဆိုပါ တရားစွဲဆို ခံထားရသူများထဲက ကိုဟန်ဝေဆက်ကို ဒက္ခိဏသီရိမြို့နယ် ရဲမှူးဦးလှထွန်းက တရားလိုပြုလုပ်ပြီး ကျန်သည့်လူများကိုတော့ စခန်းမှူး ဒုရဲမှူး ဦးမြင့်စိုးကနေ တရားလိုပြုလုပ်ကြောင်း ဦးသန်းလွင်ကဆက်လက်ပြောဆိုသည်။

“ကိုဟန်ဝေဆက်ကိုတော့ Facebook Group ကနေပြီးတော့မှ CDM မှာ ပါဝင်တဲ့ဝန်ထမ်းတွေကို နေထိုင်စားသောက်ရေးတွေအတွက်ကို ကူညီဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တင်တယ်။ ပြစ်မှုကျူးလွန်စေဖို့အတွက် မမှန်သတင်းတွေကို ဖြန့်ဝေတယ် ဆက်လက်ပြောသည်။ အဲ့တာကြောင့်မို့လို့ဆိုပြီး အစိုးရဝန်ထမ်းတွေအတွက်ကို သွေးထိုးလှုံ့ဆော်တယ်ဆိုပြီးတော့ သူက အခုတခြင်းဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။

ယနေ့ ရုံးထုတ်ချိန်တွင် ဖမ်းဆီးခံဝန်ထမ်းများ၏ မိသားစုဝင်များက ၄င်းတို့နှင့်တွေ့ဆုံရန် တရားရုံးအနီးတွင် စောင့်ဆိုင်းခဲ့ပြီး တရားခွင်အတွင်းသို့ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများသာ ဝင်ခွင့်ပြုခဲ့သည်။

လက်ရှိမှာတော့ ထိန်းသိမ်းခံထားရသူ အားလုံးကို နေပြည်တော် အချုပ်ထောင်တွင် ထားရှိသည်။ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်ပြီး ပုဒ်မ ၅၀၅-က ကတော့ ပြဋ္ဌာန်းထားသည့် ဥပဒေအသစ်ဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly