ဆန္ဒပြသူများအပေါ် စစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှု ရပ်တန့်ရန် ကုလအထူးသံတမန် တောင်းဆို 

 ဆန္ဒပြသူများအပေါ် စစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှု ရပ်တန့်ရန် ကုလအထူးသံတမန် တောင်းဆို 
Photo: AFP

မတ် ၆ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ရှရန်နာဘာဂနာက မြန်မာနိုင်ငံအတွင်းက အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများ၏ အားကိုးတကြီး အသနားခံမှုများအပေါ် လှုပ်ရှားဆောင်ရွက်ကြရန် ကုလလုံခြုံရေးကောင်စီအား တိုက်တွန်းလျက် ဆန္ဒပြသူများအပေါ် စစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုများအဆုံးသတ်ရန် သောကြာနေ့က တောင်းဆိုလိုက်သည်။ 

ဘာဂနာက မြန်မာ့အရေး ကုလလုံခြုံရေးအစည်းအဝေး၌ “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ စည်းလုံးညီညွတ်မှုကို အရင်ထက် ပိုပြီး လိုအပ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ ရပ်မှဖြစ်ပါမယ်။ ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေအပေါ်ထားတဲ့ မြန်မာတွေရဲ့ မျှော်လင့်ချက်ဟာ လျော့နည်းလာနေပါပြီ။ မြန်မာနိုင်ငံက မိခင်တွေ၊ ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကနေ အားကိုးတကြီး အသနားခံမှုတွေကို ကျွန်မ တိုက်ရိုက်ကြားသိနေရပါတယ်။ ကျွန်မကို ထပ်ပြီး ပြောခွင့်ပြုပါ။ အတင်းအဓမ္မရယူထားတဲ့ ဒီစစ်အုပ်ချုပ်ရေးကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တရားဝင်ဖြစ်စေတာ ဒါမှမဟုတ် အသိအမှတ်ပြုတာမျိုး မဖြစ်စေသင့်ပါဘူး။”ဟု ဆိုသည်။

နိုင်ငံတကာအရေးယူဆောင်ရွက်မှုပြုလုပ်ရန် တိုက်တွန်းသော မြန်မာနိုင်ငံမှ ပေးပို့သည့်စာပေါင်း တစ်နေ့လျှင် ၂၀၀၀ ခန့်ရရှိနေကြောင်း ဘာဂနာပြောသည်။ 

မြန်မာစစ်တပ်သည် သမိုင်းကြောင်းအရ ဗီတိုအာဏာစွဲကိုင်ထားသော လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်၏ထောက်ပံ့မှုအပေါ် မှီခိုခဲ့ပြီး တရုတ်ကလည်း အာဏာသိမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိကြောင်း အသံထွက်ခဲ့သော်လည်း  အနောက်နိုင်ငံများကဲ့သို့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ မပြုလုပ်ခဲ့ပေ။

ဗြိတိန်မှ ဦးဆောင်ပြုလုပ်သော သောကြာနေ့က ကျင်းပသည့် လုံခြုံရေးကောင်စီအစည်းအဝေးမှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်လာနိုင်ဖွယ်မရှိသော်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့စည်းမျဉ်းလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သံမန်များက ပြောသည်။ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် တွန်းအားပေးရာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် အားသွန်ခွန်စိုက်နှင့် အချိန်မီ လုပ်ဆောင်ကြရန်လည်း ဘာဂနာက တောင်းဆိုခဲ့သည်။

“ကျွန်မတို့အဖွဲ့အစည်းရဲ့ အခြေခံမူတွေကို ဆက်လက် ယိုယွင်းစေပြီးတော့ သူတို့ကို ထိန်းသိမ်းမယ့် ကျွန်မတို့ရဲ့ ရှင်းလင်းပြတ်သားတဲ့အချက်ပြမှုတွေကို လျစ်လျူရှုတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကျွန်မတို့တွေ ရှုတ်ချရပါမယ်။”ဟု ဘာဂနာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required