NLD သဘာပတိ ဦးဝင်းထိန်အမှုကို သူ၏ကျန်းမာရေးအခြေအနေကြောင့် အာမခံလျောက်ထား

NLD သဘာပတိ ဦးဝင်းထိန်အမှုကို သူ၏ကျန်းမာရေးအခြေအနေကြောင့် အာမခံလျောက်ထား

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်ကို ပုဒ်မ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် အမှုအတွက် အသက်၈၀အရွယ် သူ၏ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျောက်ထားမှုကို ယနေ့ရုံးချိန်းတွင်း ၎င်း၏ရှေ့နေများက လျောက်ထားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ မတ်လ ၅ရက်နေ့က ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ ဗွီဒီယိုကွန်ဖရန်းစီးစနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

"အဘက အသက် (၈၀) နှစ်ရှိပြီဖြစ်ပြီးတော့မှ Wheel Chair နဲ့ သွားလာနေရတဲ့အကြောင်း၊ အိပ်ရင် အသက်ရှူရပ်တဲ့ရောဂါရှိတဲ့အတွက်ကြောင့် အောက်ဆီဂျင်မပြတ်ပေးသွင်းနေရတဲ့အကြောင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးကြီးရောဂါ၊ ဆီးကြိတ်ကြီးရောဂါ အဲ့ဒီလိုမျိုးရောဂါဝေဒနာတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး ကုသမှုကို စဉ်ဆက်မပြတ်ခံယူနေရတဲ့အတွက်ကြောင့်  ၄၉၇-၁ အရ ကျွန်မတို့က ရုံးတော်မှာ ဘဘအတွက် အာမခံလျှောက်ထားခဲ့သည်"ဟု ‌တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

ယခုလို လျောက်ထားမှုအပေါ် တဖက်ဥ‌ပဒေအရာရှိက အာမခံမပေးသင့်ကြောင်း ကန့်ကွက်ခြင်း မရှိပဲ နောက်ရုံးချိန်းတွင် တရားသူကြီး၏ ဆင်ခြင်တုံတရားအရ အမိန့်တရပ်ချမှတ်ပေးရန်‌ ပြန်လည်လျောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ လာမည့်ရုံးချိန်းတွင် အာမခံပေးရန် သင့်၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဦးဝင်းထိန်အတွက် သက်ဆိုင်ရာရှေ့နေများနှင့် တွေ့ခွင့်တောင်းထားသလို အမှုကို အများပြည်သူရှေ့မှောက်တွင် စစ်ဆေးပေးရန် ကိစ္စများကို တရားရုံးသို့တောင်းဆိုခဲ့ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။

"ကျွန်မတို့ ထောင်မှာ တွေ့ခွင့်တောင်းတာကို တွေ့ခွင့်မပေးပါဘူးဆိုတဲ့အကြောင်း ရုံးတော်ကိုလည်း လျှောက်ထားပါတယ်ရှင့်။ အဲ့ဒီအတွက်ကြောင့် ရုံးတော်က လျှောက်လဲချက်ပေးဖို့အတွက် နောက်ထပ်ရုံးချိန်းမှာ ထပ်ပြီးချိန်းဆိုလိုက်ပါတယ်။ နောက်ထပ် ကျွန်မတို့က စွပ်စွဲခံရသူနဲ့ပတ်သက်ပြီး အများပြည်သူရှေ့မှောက်မှာ  စစ်ဆေးခံတဲ့အခွင့်အရေးပေးအပ်ဖို့လည်း လျှောက်ထားပါတယ်။ အဲ့ဒီလျှောက်ထားချက်နဲ့ပတ်သက်ပြီးတော့မှလည်း နောက်ရုံးချိန်းမှာ ကျွန်မတို့ကို လျှောက်လဲချက် တင်ပြဖို့ဆိုပြီး ရုံးတော်ကချိန်းဆိုထားပါတယ်"ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

လက်ရှိတွင် ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းထားသည်။ လာမည့်ရုံးချိန်းကို မတ်လ၁၉ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားသည်။ ဦးဝင်းထိန်ကိုတော့ ဥတ္တရခရိုင်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဌ ဦးအေးလူ က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၁၂၄(က)ဖြင့် ဖေဖော်ဝါရီ ၄ရက်နေ့က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly