အာဏာသိမ်းစစ်အုပ်စုက အမေရိကန်ဘဏ်ကနေ ဒေါ်လာ ၁ ဘီလီယံကို ထုတ်ယူရန် ကြိုးပမ်းခဲ့ဟု ဆို

By The Sydney Morning Herald
05 March 2021
 အာဏာသိမ်းစစ်အုပ်စုက အမေရိကန်ဘဏ်ကနေ ဒေါ်လာ ၁ ဘီလီယံကို ထုတ်ယူရန် ကြိုးပမ်းခဲ့ဟု ဆို
Federal Reserve Bank ဘဏ် (Photo: EPA)

မတ် ၅

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ် Federal Reserve Bank ဘဏ်တွင် ထားရှိသည့် မြန်မာရန်ပုံငွေ ကန်ဒေါ်လာ ၁ ဘီလီယံခန့်ကို ထုတ်ယူနေရာပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ရာ အမေရိကန်တာ၀န်ရှိသူများက ထိုရန်ပုံငွေများကို မြန်မာအာဏာသိမ်းစစ်အုပ်စု ထုတ်ယူ၍မရစေရန် တားဆီးပိတ်ပင်မှု လုပ်ခဲ့ရကြောင်း ထိုကိစ္စကို သိရှိနေခဲ့သူ သုံးဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမည်ဖြင့် ဖေဖေါ်၀ါရီ ၄ ရက်တွင် လုပ်ဆောင်ခဲ့သော အဆိုပါ ငွေထုတ်ယူရန်ကြိုးပမ်းမှုကို အမေရိကန်ဘဏ်၏ လုံခြုံရေးပိုင်းက ပထမဆုံး တားဆီးပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမေရိကန်အစိုးရတာ၀န်ရှိသူများသည် ငွေအလွှဲအပြောင်းကို အတည်ပြုခြင်းအား ရပ်တန့်ထားခဲ့ပြီး ယင်းနောက်တွင် ထိုရန်ပုံငွေများကို မြန်မာအာဏာသိမ်းစစ်အုပ်စု ထုတ်ယူ၍မရစေရန် အကန့်အသတ်မရှိ ပိတ်ထားရေး သမ္မတ ဂျိုးဘိုင်ဒင်၏ ညွှန်ကြားချက်ထွက်ရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အကောင့်ပိုင်ရှင်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မှတ်ချက်ပေးရန် အမေရိကန်ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆန်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေး၀န်ကြီးဌာနတို့ကလည်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

ယခင်အစောပိုင်းကာလက သတင်းထွက်ပေါ်ခဲ့ခြင်း မရှိသော အဆိုပါ ငွေထုတ်ရန် ကြိုးပမ်းမှုက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုနှင့်အတူ ပြုပြင်ပြောင်းလဲရေး တာ၀န်ရှိသူများကို ထိန်းသိမ်းပြီး ဗဟိုဘဏ်ဥက္ကဋ္ဌသစ်တစ်ဦး ခန့်အပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကြိုးပမ်းမှုက မြန်မာစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် အရပ်သားခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရွေးကောက်ခံ ခေါင်းဆောင်များကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုများနှင့် ကြုံတွေ့ရမည့်အခြေအနေများကို ကန့်သတ်ရန် လုပ်ဆောင်ခဲ့ပုံပေါ်သည့် အားထုတ်မှုတစ်ခုလည်း ဖြစ်သည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှု ရှိခဲ့သည်ဟု စွပ်စွဲပြီး အာဏာသိမ်းယူထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly