မြန်မာအပေါ် ပို့ကုန်ထိန်းချုပ်မှုများ အမေရိကန် တင်းကျပ်

မြန်မာအပေါ် ပို့ကုန်ထိန်းချုပ်မှုများ အမေရိကန် တင်းကျပ်
Photo: EPA

မတ် ၅

အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပို့ကုန်ထိန်းချုပ်မှုများကို ကြာသပတေးနေ့က ပိုမိုတင်းကျပ်လိုက်ကြောင်း သိရသည်။ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို အာဏာသိမ်းစစ်အုပ်စုက လူသေစေသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့မှုများအပေါ် တုံ့ပြန်သောအားဖြင့် အမေရိကန်က ယခုနောက်ထပ် အရေးယူဒဏ်ခတ်မှုများကို ချမှတ်လာခဲ့ခြင်း ဖြစ်သည်။

အထိအခိုက်မခံဘဲ လျို့ဝှက်ထားသင့်သော နည်းပညာ သို့မဟုတ် ပစ္စည်းများအတွက် စေ့စေ့စပ်စပ် စစ်‌ဆေးမှု အဆင့်လယ်ဗယ်ပိုင်းတွင် အမေရိကန်၏ရန်ဘက် ရုရှားနှင့် တရုတ်ကဲ့သို့ တူညီသည့် အုပ်စုထဲတွင် မြန်မာကို ထည့်သွင်းသတ်မှတ်ခဲ့ပြီး စစ်တပ်အသုံးပြုနိုင်သည့် ပို့ကုန်မှန်သမျှအပေါ် ပိတ်ပင်ကန့်သတ်မှုများ အမေရိကန်ဘက်က လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အသက်သေစေသည်အထိ အကြမ်းဖက်ခဲ့မှုများအပေါ် တုံ့ပြန်ပြီး ယခုနောက်ထပ် အရေးယူမှုအစီအမံများကို အမေရိကန်ဘက်က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က ပြောသည်။

“မြန်မာမှာ ဒီမိုကရေစီ ပြန်ရဖို့ ကျွန်တော်တို့ ထပ်တိုက်တွန်းပါတယ်” ဟု ၎င်းက တွစ်တာတွင်ရေးခဲ့သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှု အရှိန်မြင့်လာခြင်းတို့အ‌ပေါ် တုံ့ပြန်သည့်အနေဖြင့် အစီအမံများကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်းနှင့်နောက်ထပ် အရေးယူမှုများ လုပ်ဆောင်ရန် ‌လေ့လာသုံးသပ်နေသည်ဟု အမေရိကန် ကုန်သွယ်မှု၀န်ကြီးဌာနက ပြောသည်။

ယခု ချမှတ်လိုက်သည့် စည်းမျဥ်းသစ်များအရ မြန်မာစစ်ကောင်စီလက်အောက်ရှိ ကာကွယ်ရေးနှင့် ပြည်ထဲရေး၀န်ကြီးဌာနတို့နှင့်အတူ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တို့ထံ ပို့ကုန်တင်ပို့မှုများအပေါ် သက်ရောက်ထိခိုက်စေမည်ဖြစ်သည်။

ဖေဖေါ်၀ါရီ ၁ ရက်၌ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်အာဏာသိမ်းခဲ့ပြီးနောက် ဆန္ဒပြသူများကို စစ်အာဏာသိမ်းအုပ်စုက အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ခဲ့မှုအပေါ် နာကြည်းဒေါသထွက်မိကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောခဲ့သည်။

“ခုနောက်ဆုံး အကြမ်းဖက်ဖြိုခွင်းမှုတွေ အရှိန်မြင့်လာခဲ့တာကို ကြည့်မယ်ဆိုရင် အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာပြည်သူတွေကို လုံးလုံးလျားလျား အလေးမထားဘူးဆိုတာ ပြသနေပါတယ်” ဟု ပရိုက်စ်က ပြောခဲ့သည်။

“အမေရိကန်အနေနဲ့ ကမ္ဘာတစ်၀န်းက ကျွန်တော်တို့ရဲ့ ပါတနာတွေ၊ မဟာမိတ်တွေနဲ့ အတူ လက်တွဲပြီး ဆက်လက် တုံ့ပြန်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဂျာနယ်လစ်များ ဖမ်းဆီးထိန်းသိမ်းခံရမှုများနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနှင့် ၎င်းတို့ကို ချက်ချင်းပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုကြောင်း ပရိုက်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly