ရာစုနှစ်အတွင်း တရုတ်ဟာ အကြီးဆုံး ပထဝီနိုင်ငံရေး စမ်းသပ်မှုဟု အမေရိကန် ပြော

ရာစုနှစ်အတွင်း တရုတ်ဟာ အကြီးဆုံး ပထဝီနိုင်ငံရေး စမ်းသပ်မှုဟု အမေရိကန် ပြော

အာရှပါဝါ တရုတ်နိုင်ငံဟာ ရာစုနှစ်အတွင်းမှာ အကြီးဆုံး ပထဝီနိုင်ငံရေး စမ်းသပ်မှုဖြစ်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပြီး အမေရိကန်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ရှိနေကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအနေကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ကိုဗစ်-၁၉ ကပ်ဘေးတို့လို တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွေမှာ စစ်ရေးအရ အရေးယူတာမျိုးထက် ဒီပလိုမေစီကို အသားပေးသွားမှာ ဖြစ်ပြီး ကမ္ဘာ့နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဓိကမိန့်ခွန်းမှာ ဘလင်ကန်က ဆိုပါတယ်။

“၂၁ ရာစုရဲ့ အကြီးဆုံး ပထဝီနိုင်ငံရေး စမ်းသပ်မှုဖြစ်တဲ့ တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ဟာ ကိုင်တွယ်သွားမှာ ဖြစ်တယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ဟောင်ကောင်နဲ့ တိုင်းရင်းသား ဝီဂါ အခွင့်အရေးတွေအတွက် ရပ်တည်ကာကွယ်ပေးသွားမယ်လို့ ဘလင်ကန်ဟာ ကတိပြု ပြောဆိုပြီး ဒီလိုမှ မဟုတ်ရင် တရုတ်ဟာ အပြစ်ကင်းသလို ရှေ့တိုးလုပ်ဆောင်နေလိမ့်ဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“တရုတ်နိုင်ငံဟာ တည်ငြိမ်ပွင့်လင်းတဲ့ နိုင်ငံတကာစနစ်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေတဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးနဲ့ နည်းပညာရေး ပါဝါနိုင်ငံတစ်နိုင်ငံပဲ၊ စည်းမျဉ်းတွေ၊ တန်ဖိုးတွေနဲ့ ဆက်ဆံရေးတွေဟာ ကမ္ဘာက ကျွန်တော်တို့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ပြနေတယ်”လို့ ဘလင်ကန်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဆက်လက်ပြောရာမှာ “တရုတ်နဲ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ ဖြစ်သင့်ချိန်မှာ ယှဉ်ပြိုင်မှု ဖြစ်လာမယ်၊ ဖြစ်နိုင်ရင်လည်း ပူးပေါင်းမှု ဖြစ်လာနိုင်သလို၊ ဖြစ်ကိုဖြစ်ရမယ့်အချိန်မှာဆိုလည်း ပဋိပက္ခဟာ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ အနေအထားကနေ တရုတ်နဲ့ ဆက်ဆံသွားရမှာပဲ ဖြစ်တယ်”လို့ ဆိုပါတယ်။

ဆီးရီးယားမှာ အီရန်နဲ့ ဆက်စပ်ပတ်သက်တဲ့ ရှီယိုက်လက်နက်ကိုင်တပ်တွေကို လေကြောင်းထိုးစစ်ဆင်ဖို့ အမိန့်ပေးခဲ့ပေမယ့် သမ္မတ ဂျိုးဘိုင်ဒင်ဟာ စစ်ရေးအရ အရေးယူမှုတွေကို စောင့်ထိန်းသွားလိမ့်မှာ ဖြစ်တယ်လို့လည်း ဘလင်ကန်က နမိတ်ပြ ပြောဆိုပါတယ်။

“စစ်ရေးအရ အရေးယူမှ ဖြစ်မယ့် နောက်ပိုင်း အရေးကိစ္စတွေမှာလည်း ဓမ္မဓိဋ္ဌာန်ကျမှုတွေနဲ့ မစ်ရှင်တွေဟာ ရှင်းလင်းပြီး လက်ခံနိုင်စရာ ရှိရမယ်၊ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေ၊ ဥပဒေတွေနဲ့ ညီညွတ်ရမှာ ဖြစ်သလို အမေရိကန်ပြည်သူတွေရဲ့ သဘောနဲ့လည်း တစ်သားတည်းဖြစ်မှ စစ်ရေးအရ အရေးယူတာတွေကို လုပ်ဆောင်ဖြစ်လိမ့်မှာ ဖြစ်တယ်”ဆိုပြီး သူက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly