ကျည်ထိသူနှင့် ဒဏ်ရာရသူ ၂၄ ဦးထိ မြောက်ဥက္ကလာဆေးရုံရောက်ရှိခဲ့

ကျည်ထိသူနှင့် ဒဏ်ရာရသူ ၂၄ ဦးထိ မြောက်ဥက္ကလာဆေးရုံရောက်ရှိခဲ့

စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်သည့် မြောက်ဥက္ကလာဖြစ်ရပ်တွင် သေဆုံးသူအရေအတွက် ၂၀ ကျော်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့နံနက်အထိ ဆေးရုံသို့ နောက်ထပ် ရောက်ရှိခြင်းမရှိကြောင်း မြောက်ဥက္ကလာဆေးရုံဝန်ထမ်းတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ကနဦး ဆေးရုံမှတ်တမ်းတစ်ခုအရ သေဆုံးသူ (၇) ဦးရှိကြောင်း မတ်လ ၃ ရက်နေ့ညနေတွင် တင်ဆက်ခဲ့ပြီးဖြစ်ပါသည်။ ယနေ့နံနက် ထပ်မံစုံစမ်းရာ ဆေးရုံတွင် ခွဲခန်းအတွင်း သေဆုံးလူနာ တစ်ဦးနှင့် ဆေးရုံမရောက်ခင်ကတည်းက သေဆုံးလူနာ ၅ ဦးရှိကြောင်း ဆရာဝန်တစ်ဦးက ရှင်းပြပါသည်။

"ဒီ့ထက်လည်း များရင် များနိုင်ပါတယ်။ အပြင်မှာ ဟိုဖြစ်ဒီဖြစ်လည်း မသိဘူး။ တခြားဆေးရုံတွေကို ဘယ်လိုရောက်လဲ အဲဒါလည်းမသိတဲ့အခါကျတော့ ပြောရခက်ပါတယ်"ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ပြင်ပပုဂလိက ဆေးရုံ၊ ဆေးခန်းများမှာ သေဆုံးလူနာများကို လက်ခံကုသခွင့်မရှိပါ။ မြောက်ဥက္ကလာတွင် ထိခိုက်ဒဏ်ရာရတချို့ ပြင်ပဆေးရုံ ဆေးခန်းများတွင် ဆေးကုသမှုခံယူသည်များ ရှိနိုင်သောကြောင့် ဒဏ်ရာရစာရင်း တစုတစည်း သိရှိနိုင်ခြင်း မရှိပေ။  

ဆေးရုံကို ရောက်ရှိလာသော သေနတ်ဒဏ်ရာနှင့် အခြားဒဏ်ရာရရှိ၍ အရိုးဆောင်တက်ရောက်ကုသရောက်သူ ဆယ်ဦးရှိပြီး၊ ခွဲစိတ်ခန်းဝင်ရသူ ၆ ဦး၊ စုစုပေါင်း ၁၆ ဦးရှိကြောင်း ရှင်းပြသည်။ တချို့လူနာများမှာ ဒဏ်ရာမပြင်းထန်၍ ဆေးရုံမတက်ဘဲ ပြန်ဆင်းသူများလည်း ရှိသဖြင့် တိကျသော ကိန်းကဏန်း ရရှိနိုင်ခြင်းမရှိပေ။

ဆေးရုံဝန်ထမ်းများပြောပြချက်ကို ကိုးကား၍ အထက်ပါဆရာဝန်က ညသန်းခေါင်အချိန်တွင် အင်းစိန်ထောင်၊ ရွှေပေါက်ကန်ရဲစခန်း ထုတ်လာသူ ၈ ယောက်ကို ရဲတပ်ဖွဲ့က မြောက်ဥက္ကလာဆေးရုံတွင် အပေါ့စားဆေးကုသမှုခံယူခဲ့သည့်ဖြစ်ရပ်လည်းရှိကြောင်းပြောသည်။

သို့သော် ယင်း အချုပ်ကားပေါ်က ခေါ်ယူလာသူ ၈ ဦးမှာ မြောက်ဥက္ကလာ ဖြစ်ရပ်တစ်ခုတည်းမှ ဖမ်းဆီးခေါ်ယူလာသူများ ဟုတ်၊ မဟုတ်ကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

"ရှစ်ယောက်ပါတယ်။ အကုန်လုံးကတော့ gunshot ( သေနတ်ဒဏ်ရာတွေချည်းပဲ)။ တစ်ယောက်ကတော့ ရာဘာစေ့အမည်းလေးလိုထိတာ ရှိတယ်။ ပတ်တီးတွေ ဘာတွေအုပ်ပေးပြီးတော့ ဆေးထည့်ပေးလိုက်တယ်လို့တော့ပြောတယ်" ဟု သူက ရှင်းပြသည်။

အရေးပေါ်လူနာ၊ ထိခိုက်ဒဏ်ရာရသူများပြား၍ ဆေးရုံတစ်ခုလုံး ည ၁၂ ဝန်းကျင်ထိ အလုပ်ရှုပ်နေချိန်၊ မြောက်ဥက္ကလာတွင် စစ်တပ်နှင့်ရဲများက လမ်းမပေါ်တွင် သေနတ်ပစ်ခတ်မှုဆက်တိုက်ပြုလုပ်၍ ဆေးရုံဝန်ထမ်းများပါ ထိတ်လန့်ကာ ပြေးပုန်းရသည်အထိဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ယမန်နေ့ည ၁၂ နာရီဝန်းကျင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင် မတ်လ ၃ ရက်နေ့တစ်ရက်တည်းတွင် လူပေါင်း ၃၈ ဦးအထိ သတ်ဖြတ်ခံရကြောင်း  သတင်းထောက်များကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly