ဒရာမာဇာတ်လမ်းတွဲအပေါ် အမေဇုံက အိန္ဒိယတွင် ကြုံတောင့်ကြုံခဲ တောင်းပန်ခဲ့ရ

ဒရာမာဇာတ်လမ်းတွဲအပေါ် အမေဇုံက အိန္ဒိယတွင် ကြုံတောင့်ကြုံခဲ တောင်းပန်ခဲ့ရ

အပိုင်း ၉ ပိုင်းပါသည့် နိုင်ငံရေးဒရမ်မာဇာတ်လမ်းတွဲအတိုမှ အခန်းအချို့တွင် အချို့သူများ၏ ဘာသာရေးဆိုင်ရာ စိတ်ခံစားချက်များကို ထိခိုက်စေသည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ အဓိက ပြည်ပဈေးကွက်ဖြစ်သော အိန္ဒိယမှ သုံးစွဲသူများအား အမေဇုံက ကြုံတောင့်ကြုံခဲ့ တောင်းပန်လိုက်ရသည်။

"Tandav"ဟု အမည်ပေးထားသော ယင်းဇာတ်လမ်းတွဲငယ်သည် ဟိန္ဒူဘုရားများနှင့် နတ်ဘုရားမများကို ရုပ်ပျက်ဆင်းပျက် ပုံဖော်ထားခြင်းကြောင့် ပြည်သူများနှင့်အတူ အာဏာရ BJP ပါတီမှ ပါတီဝင်အချို့ကလည်း ဝေဖန်ခဲ့ကြသည်။

"Amazon Prime Video တောင်းပန်ပါသည်"ဟု ခေါင်းစဉ်ဖြင့် အမေရိကန်မှ Amazon အုပ်စု၏ ထုတ်ပြန်ချက်တွင် အချို့သောမြင်ကွင်းများက မနှစ်မြို့စရာဖြစ်သည်ဟု ကြည့်ရှုသူများ၏ ယူဆခြင်းကြောင့် လွန်စွာဝမ်းနည်းရပါကြောင်းနှင့် ကြည့်ရှု့သူများထံမှ စိုးရိမ်ပူပန်စရာ စကားများကြားရပြီးနောက် ယင်းမြင်ကွင်းများကို ပြင်ဆင်တည်းဖြတ်ခြင်း သို့မဟုတ် အားလုံးကို ဖယ်ရှားခြင်းတို့ပြုလုပ်ခဲ့ကြောင်း ဆိုပါသည်။

“ကျွန်ုပ်တို့၏ကြည့်ရှုသူများ၏ မတူကွဲပြားသော ယုံကြည်မှုများကို လေးစားပြီး ဤမြင်ကွင်းများကြောင့် စိတ်နာကျင်ခံစားရသူအားလုံးကို တောင်းပန်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့သားများသည် ကုမ္ပဏီအကြောင်းအရာ အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို လိုက်နာသည်။ ကျွန်ုပ်တို့၏ ပရိသတ်များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးသွားရန် အသိမှတ်ပြုလက်ခံသည်။ အိန္ဒိယဥပဒေများနှင့် လိုက်လျောညီထွေဖြစ်သည့်အပြင် ပရိသတ်များ၏ ယုံကြည်မှုနှင့် ယဉ်ကျေးမှုကွဲပြားမှုများကိုလည်း လေးစားလိုက်နာပြီး ဖျော်ဖြေမှုဆိုင်ရာ အကြောင်းအရာများ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် မိတ်ဖက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည်”ဟု ဖော်ပြထားသည်။

ဆစ်အလီခန်းအပါအဝင် ထိပ်တန်းဘောလီးဝုဒ်သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်ထားသော ယင်းဇာတ်လမ်းတွဲကို ဇန်နဝါရီလလယ်တွင် ပြသခဲ့ပြီးနောက် အငြင်းပွားမှုနှင့် ရာဇဝတ်ကြောင်းဆိုင်ရာ တိုင်တမ်းမှုများ ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ Amazon Prime Video ၏ ထင်ရှားသော အမှုဆောင်အရာရှိများကို အာဏာပိုင်များက ခေါ်ယူမေးမြန်းခဲ့ပြီး မကြာသေးမီရက်သတ္တပတ်များက အခြေအနေများပိုမိုဆိုးရွားလာခဲ့သည်။

Prime Video ကိုအိန္ဒိယတွင် စာရင်းသွင်းကြည့်ရှုသူ သန်းနှင့်ချီရှိပြီး ဒစ္စနေး၏Hotstar၊ Netflix၊ Times Internet ၏MX Player နှင့် တခြားသော ရုပ်သံလွှင့်အစီအစဉ်များနှင့် အပြိုင်ဖြစ်နေသည်။ အိန္ဒိယတွင် Prime Video သည် မကြာသေးမီလများအတွင်း လျှင်လျှင်မြန်မြန်တိုးတက်လာခဲ့သည်။အချို့သော ခရစ်ကတ်ပွဲများ ထုတ်လွှင့်ခွင့်နှင့် ဈေးသက်သာစွာ ဝယ်ယူနိုင်သော အဆင့်အလိုက်စာရင်းသွင်းစနစ်တို့ကို မကြာသေးမီက မိတ်ဆက်ပေးခဲ့သည်။

တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုမီဒီယာကုမ္ပဏီများအတွက် စည်းမျဉ်စည်းကမ်းအသစ်များကို အစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ရက်အနည်းငယ်အကြာတွင် အမေဇုံ၏ ယခုကဲ့သို့ ရှားပါးလှသော တောင်းပန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly