နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရန်နဲ့ ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထားရန် မြန်မာကို အင်ဒိုနီးရှား တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရန်နဲ့ ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထားရန် မြန်မာကို အင်ဒိုနီးရှား တိုက်တွန်း

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အာဆီယံနဲ့ ဆွေးနွေးဖို့အတွက် တံခါးဖွင့်ထားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် တွေ့ဆုံအပြီးမှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ အပါအဝင် ဆက်ဆံရေးနဲ့ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြုမယ့် အခြေအနေတွေကို ဦးစားပေးရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အဓိကသက်ဆိုင်သူတွေကြား တိုက်ရိုက်ဆက်ဆံဆွေးနွေးတာဟာ အမြဲတမ်း အကောင်းဆုံး လမ်းကြောင်းပါပဲ၊ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံဟာ လိုအပ်တဲ့အခါ ဒီ ဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့ဖို့ အာဆီယံနဲ့ အတူ ရပ်တည်သွားမှာပါ”ဆိုပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ဆိုပါတယ်။

“ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးကို ကျွန်မတို့ ဖော်ဆောင်ကြရမှာ ဖြစ်တယ်၊ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေ၊ အကျိုးစီးပွားတွေနဲ့ အသံတွေကို လေးစားရမယ်ဆိုတာ အင်ဒိုနီးရှားအနေနဲ့ အလေးထားလျက် ရှိပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။
“အင်ဒိုနီးရှားအတွက်ကတော့ မြန်မာပြည်သူတွေ ဘေးကင်းစိတ်ချမ်းသာဖို့က ဦးစားပေးပါပဲ၊ ဒါကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အင်အားသုံးတာကို ရှောင်ကြဉ်ဖို့ အင်ဒိုနီးရှားက တိုက်တွန်းပါတယ်”လို့ မာဆူဒီက ပြောပါတယ်။

“အာဆီယံ အစည်းအဝေးဟာ အဖြေရှာဖို့ ဖြစ်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံက အာဆီယံအတွက် တံခါးမဖွင့်ပေးဘူးဆိုရင်တော့ အာဆီယံရဲ့ ကူညီဖို့ ရည်ရွယ်ချက်နဲ့ အသင့်ရှိနေမှုဟာ အဓိပ္ပာယ်မဲ့သွားရမှာ ဖြစ်ပါတယ်”ဆိုပြီး ဝန်ကြီး မာဆူဒီက ဆက်လက်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံအနှံ့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက် ဆက်လက်ဖြစ်ပွားပေါ်ပေါက်နေပြီး လုံခြုံရေးတပ်တွေရဲ့ သေစေလောက်တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေအတွက် နိုင်ငံတကာ ပြစ်တင်ရှုတ်ချနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly