ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ဂျာမနီ၌ နေထိုင်သော ဟောင်ကောင်နေထိုင်သူများအား တရုတ်ကခြိမ်းခြောက်ရန်ကြိုးစားခဲ့သည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဥပဒေပြုအမတ်တစ်ဦးထံသို့ အင်္ဂါနေ့က ပေးသည့်စာတွင် ဖော်ပြထားသည်။
ဤအကြောင်းအရာနှင့် ပတ်သက်သည့်သတင်းအချက်အလက်များအား တောင်းဆိုသည်ကို တုန့်ပြန်သည့်အနေဖြင့် တရုတ်၏လူ့အခွင့်အရေးနှင့်ပတ်သက်၍ တင်းတင်းမာမာတုန့်ပြန့်ရန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်အား ဖိအားထပ်ပေးရန် ပါလီမန်လူ့အခွင့်အရေးကော်မတီအကြီးအကဲဂိုက်ဒီယန်ဆန်ထံသို့ ယင်းစာပေးပို့ခဲ့ခြင်းဖြစ်သည်။
“ဟောင်ကောင်မှာ ဆန္ဒပြမှုတွေစတင်ကတည်းက ဂျာမနီမှာ တရုတ်အစိုးရကို လိုလားတိမ်းညွတ်မှုတွေရှိစေဖို့အတွက် တရုတ်အစိုးရပိုင်းက လူတွေရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေ တိုးလာနေပြီး၊ ဆန္ဒပြသူတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်"ဟု ဝန်ကြီးဌာနကစာတွင် ဖော်ပြထားသည်။ ယင်းအကြောင်းကို ပထမဆုံး SueddeutscheZeitung သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက် ရိုက်တာသတင်းဌာနက အင်္ဂါနေ့တွင် ပြန်လည်သုံးသပ်ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၇ရ က်ကHamburg တွင် ဟောင်ကောင်တက်ကြွလှုပ်ရှားသူများအား ထောက်ခံသည့် ဆန္ဒပြပွဲတွင် ပါဝင်သူများအား “ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့်” တရုတ်ထောက်ခံသူ တန်ပြန် ဆန္ဒပြသူများက ဗီဒီယိုရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ယင်းစာတွင် ဖော်ပြထားသည်။ ဟောင်ကောင်မှ လူပေါင်း ၇၂၀ ခန့်သည် ဂျာမနီတွင် နေထိုင်ခွင့်ပါမစ်ရှိသည်ဟုလည်း ယင်းစာက ဆိုသည်။
လစ်ဘရယ် FDP ပါတီမှ ပါတီဝင်ဖြစ်သူ ဂျင်ဆင်က ရိုက်တာသတင်းဌာနသို့ “တရုတ်အစိုးရရဲ့လူတွေက ပြည်ပရောက် ဟောင်ကောင်သားတွေကို ခြိမ်းခြောက်နိုင်တယ်ဆိုတာကို ဂျာမန်အစိုးရ သဘောပေါက်ရမယ့်အချိန်ပါပဲ”ဟု ဆိုသည်။
“လုံခြုံရေးအေဂျင်စီတွေက အသုံးပြုတဲ့ယန္တရားတွေက ထိခိုက်နစ်နာသူများကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါ့မလားလို့ ကျွန်မကတော့ သံသယရှိနေတာပါပဲ”ဟု သူမက ဆိုသည်။
ဘာလင်ရှိ တရုတ်သံရုံးက မှတ်ချက်ပေးရန်အတွက် အီးမေးလ်ဖြင့်မေးမြန်းခဲ့ရာ ချက်ချင်းတုံပြန့်ခြင်း မရှိခဲ့ပေ။ ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်း ယင်းစာအကြောင်းကို မသိပါဘူးဟု ဆိုသည်။














