ရှားပါးမြေဒြပ်စင်အတွက် ဥရောပသမဂ္ဂအနေဖြင့် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေခြင်းကို အဆုံးသတ်ရမည်

ရှားပါးမြေဒြပ်စင်အတွက် ဥရောပသမဂ္ဂအနေဖြင့် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေခြင်းကို အဆုံးသတ်ရမည်
Photo: EPA

ဥရောပသမဂ္ဂ (အီးယူ)အနေဖြင့် နည်းပညာသစ် ထူထောင်နိုင်ရန် ပြည်ပမှ ရှားပါးမြေဒြပ်စင် တင်သွင်းမှုကို အဆုံးသတ်သင့်ကြောင်း ဥရောပကော်မရှင် ဥက္ကဌယူအာဆူလာ ဗန်ဒါလီယန်က ပြောကြားလိုက်သည်။ ရှားပါးမြေဒြပ်စင် ထုတ်လုပ်ရာတွင် တရုတ်၏ လက်ဝါးကြီး အုပ်ခြင်းကို အဆုံးသတ်ရန် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အစိမ်းရောင်နဲ့ ဒီဂျစ်တယ်နည်းပညာတွေဟာ လက်ရှိမှာ ရှားပါးမြေကုန်ကြမ်းအပေါ်မှာ များစွာ မူတည်နေ ပါတယ်။ လျှပ်စစ်ကားတွေအတွက် လစ်သီယမ်၊ သန့်စ်တဲ့ ဟိုက်ဒရိုဂျင် ထုတ်လုပ်ဖို့ ပလက်တီနမ်၊ နေရောင်ခြည် စွမ်းအင်ထုတ်ပြားတွေအတွက် ဆီလီကွန်သတ္တု၊ ကျွန်တော်တို့ လိုအပ်တဲ့ ရှားပါးမြေ ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကပဲ သွင်းနေကြပါတယ်။ဒါဟာ ရေရှည်အတွက် မကောင်းပါဘူး” ဟု ဗန်ဒါလီယန်က EU Industry Days 2021 အခမ်းအနားသို့ ဗီဒီယို မိန့်ခွန်းမှတစ်ဆင့် ပြောသည်။

‘ဥရောပကုန်ကြမ်းပစ္စည်းဆိုင်ရာ မဟာမိတ်အဖွဲ့’ အား ယမန်နှစ် နှောင်းပိုင်းတွင် ထူထောင်ခဲ့ခြင်းသည် အဆိုပါ ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း ၎င်းက ပြောသည်။ သန့်စင် ထုတ်လုပ်ရသည့် ပစ္စည်းများအပေါ် အဖွဲ့အနေဖြင့် မှီခိုမှု လျှော့ချရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်ကြမ်းပစ္စည်း မျှဝေသုံးစွဲရန် ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လပ်တော့၊ လျှပ်စစ်ကားဘက်ထရီများ၊ ပဲ့ထိန်းဒုံးကျည်စနစ်များနှင့် လေဆာသုံး ပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်သည့် မဟာဗျူဟာကျသည့် ဒြပ်စင် ၁၇ မျိုး အဓိက လိုအပ်သည်။

ရှားပါးမြေဒြပ်စ်များကို တရုတ်၊ အမေရိကန်နှင့် မြန်မာနိုင်ငံ၏ ဒေသအနည်းငယ်တွင် တွေ့ရှိရပြီး အချို့နိုင်ငံ များတွင် ပမာဏအနည်းငယ် ထုတ်ယူနိုင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ရှားပါးမြေဈေးကွက်တွင် ၃ ပုံ ၂ ပုံကို ရောင်းချနေပြီး မွန်ဂိုလီးယားဒေသမှ အများဆုံး ရရှိသည်။

ရှားပါးဒြပ်စင်များသည် မိုက်ခရိုချစ်များ၊ စပီကာများ၊ အိတ်စထရေး ရုပ်ပုံများ ထုတ်လုပ်ရာတွင် အဓိက လိုအပ်ပြီး တူးဖော်ရာတွင် လုပ်အားများစွာ လိုအပ်သည်။

ရှားပါးမြေ ၁ တန်ထုတ်လုပ်ရာတွင် စွန့်ပစ်ပစ္စည်း တန် ၁၀၀ ခန့်ထွက်ကြောင်း ခန့်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly