ဒလိုင်းလားမားသည် အနောက်နိုင်ငံသားများအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပြီး တိဗက်တို့အတွက် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း တရုတ်အစိုးရအတွက်မူ ‘သင်္ကန်းရုံထားသည့် ဝံပုလွေတစ်ကောင်’ သို့မဟုတ် ‘ခွဲထွက်ရေးသမားတစ်ဦး’ ဖြစ်သည်။ အမေရိကန်အစိုးရက ဘတ်ဂျက်အသုံးစရိတ်များနှင့် အငြင်းပွားဖွယ်ရာ ဥပဒေအချက်အလက်များ ပါဝင်သော ‘တိဗက်မူဝါဒနှင့် ကူညီပံ့ပိုးရေးအက်ဥပဒေ ၂၀၂၀ (TPSA) ကို ပြဌာန်းလိုက်သော ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ အထက်ပါအတိုင်း စော်ကား ပြောဆိုမှုများ အရှိန်မြင့်လာခဲ့သည်။
ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိမ်းစ် မက်ဂါဗန်းနှင့် ရီပတ်ပလစ်ကင် အထက်လွှတ်တော်အမတ် မက်ခရိုရူဘီအိုတို့က သက်ဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းများသို့ တင်လိုက်သည့် ယင်းဥပဒေသည် ‘တိဗက်မူဝါဒ အက်ဥပဒေ ၂၀၀၂’ ကို အစားထိုး အသစ်ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ယင်းအက်ဥပဒေတွင် အကြောင်းအရာကဏ္ဍများစွာ ပါဝင်သည်။ ကြီးမားသည့် ရေခဲပြင်များ ရှိသောကြောင့် တတိယမြောက် ဝင်ရိုးစွန်းဟု ခေါ်ဝေါ်သည့် တိဘက်ကုန်းမြင့်ဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိဗက်ဒေသရှိ အမေရိကန် စီးပွားရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ လာဆာတွင် အမေရိကန်ကောင်စစ်ဝန်ရုံး ဖွင့်သည့်အပေါ် အမေရိကန်တွင် တရုတ်ကောင် စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း၊ တိဗက်ဗဟို အုပ်ချက်ရေးအဖွဲ့၏ အခန်းကဏ္ဍအား အသိအမှတ်ပြုခြင်းတို့လည်း ပါဝင်သည်။
သို့သော် နိုင်ငံရေးအရ ထင်ရှားသည့် အချက်မှာ ဒလိုင်းလားမား၏ အရိုက်အရာဆက်လက်ထားရှိရေးတွင် ဒလိုင်းလားမားနှင့် တိဗက်ဗုဒ္ဓဘာသာဝင်တို့၏ ဆန္ဒအတိုင်း ထားရှိရေးဖြစ်သောကြောင့် ယင်းလုပ်ငန်းစဉ်တွင် ကြားဝင်ဟန့်တားသည့် တရုတ်အရာရှိများအနေဖြင့် Magnitsky ဥပဒေအရ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အချက်အလက်များစွာ ပါဝင်သည့် ဘတ်ဂျက်အသုံးစရိတ် ဥပဒေ ကြမ်းအား လက်မှတ်ရေးထိုးခဲ့သည့်အခါ TPSA သည် အမေရိကန်-တိဗက်မူဝါဒ အပေါ် ဥပဒေရေးအရ ဆောင်ရွက်မှုတစ်ခု ဖြစ်လာသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လီယန်က ချက်ခြင်း ထုတ်ပြန်လိုက်သည့် ကြေညာချက်တစ်ခုတွင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏
ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုကို ပြစ်တင်ဝေဖန်လိုက်သည်။ တရုတ်၏ မကျေနပ်ချက်ကို ခိုင်လုံမှု ပြသရန် ‘သက်ရှိဗုဒ္ဓများ၏ ဆက်နွှယ်ပြန်လည်ပေါ်ထွန်းခြင်းအပေါ် စီမံခန့်ခွဲမှုဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ၏ ဆောင်ရွက်ချက်များ’ သို့မဟုတ် ‘နိုင်ငံတော်သာသနာရေးရာအဖွဲ့၏ အမိန်အမှတ် ၅’ ကို ကျောင်က ကိုးကားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ချက်လိုက်သည့် အမိန့်အမှတ် ၅ တွင် ဗုဒ္ဓဘာသာ ကျောင်းများ အနေဖြင့် အဆက်အနွယ်များ ဆက်လက်ထားရှိရေးဆိုင်ရာ လျှောက်လွှာကို တင်ရန်နှင့် ဆက်ခံမည့်သူများအတွက် အစိုးရဌာနများမှ ထောက်ခံမှုကို ရယူရန် ဖော်ပြထားပြီး ဘာသာရေး လွတ်လပ်ခွင့်ဟု အမည်သတ်မှတ်ခဲ့သည်။ အိန္ဒိယမီဒီယာများက TPSA ကို ကြိုဆိုကြောင်း ဖော်ပြခြင်းအပေါ် မကျေနပ်ကြောင်း တရုတ်အစိုးက ကန့်ကွက်ခဲ့သည်။
ပဥ္စမမြောက် ဒလိုင်းလားမားခေါ် ‘မဟာပဥ္စမ’ သည် ပိုတာလာနန်းတော် တည်ဆောက်ခြင်းနှင့် ဂေလပ် တိဗက်ဗုဒ္ဓဘာသာကျောင်း ထူထောင်ခြင်းတို့တွင် ပါဝင်ကြီးကပ်ခဲ့သည်။ ၁၈ ရာစုက ချန်နန်းဆက် ဘုရင်များနှင့် ဗဟိုအာရှခေါင်းဆောင်များအကြား အာဏာပြိုင်ဆိုင်ခြင်းတို့တွင် ပဥ္စမမြောက် ဒလိုင်းလားမား အဆက်အနွှယ်ကို တိဗက်အစိုးရခေါင်းဆောင်အဖြစ် ထူထောင်ခဲ့သည်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများနှင့် သံအမတ်အကြား အဆင့်ရှိသော မန်ချုးအရာရှိများကို တိဗက်ဒေသအနှံ့တွင် ခန့်အပ်ခဲ့သော်လည်း ၎င်းတို့သည် အုပ်ချုပ်ရေးမှူးများ မဟုတ်ကြဘဲ လေ့လာ စောင့်ကြည့် သူများအဖြစ်သာ ဆောင်ရွက်ခဲ့ကြသည်။ ၂၀ ရာစုအစောပိုင်းတွင် ချန်းမင်းဆက် ပြိုလဲသည့်အခါ ၁၃ ဆက်မြောက် ဒလိုင်းလားမားက မန်ချူး အရာရှိများကို မောင်းထုတ်ခဲ့ပြီး တိဗက်ဒေသကို လွပ်လပ်ရေး ကြေညာခဲ့သည်။
ဗြိတိန်၊ အိနိ္ဒယနှင့် ရုရှားတို့က တိဗက်ဒေသအား လွပ်လပ်သော အစိုးရအဖြစ် အသိအမှတ်ပြုရန် တွန့်ဆုတ်နေ ခြင်းက တရုတ်အနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် တိဗက်ဒေသအား ကျူးကျော်မှုအတွက် အတင့်ရဲစေခဲ့သည်။ တိဗက်တို့က ၎င်းတို့၏ လွပ်လပ်ရေး ဆုံးရှုံးမှုနှင့် ဖျက်ဆီးသည့် မော်ဝါဒတို့အတွက် အမျက်ဒေါသထွက်ခဲ့ကြသည်။ တိဗက်တို့နှင့် တရုတ်စစ်သားများအကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် ၁၉၅၉ ခုနှစ်တွင် ကြီးမားသည့် ဆူပူအုံကြွမှုကြီး ဖြစ်ခဲ့သည်။ တိဗက်တို့က ဒလိုင်းလားမား၏ နန်းတော်တွင် စုဝေးဝန်းရံကြပြီး လွပ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ အကြမ်းဖက်မှုများ ပြင်းထန်လာသောကြောင့် ဒလိုင်းလားမားနှင့် အကြံပေးပုဂ္ဂိုလ်များသည် စိုးရိမ်လာပြီး တိဗက်မှ ထွက်ပြေးကာ အိန္ဒိယတွင် သွားရောက် နေထိုင်ခဲ့ရသည်။
ဒါရမ်ရှာလာတွင် အဝေးရောက် တိဗက်အစိုးရ ထူထောင်ပြီးနောက် ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးတာဝန်များကို ဒီမိုကရက်တစ်အဖွဲ့စည်းသို့ လွှဲပြောင်းပေးခဲ့သည်။ သူ့အနေဖြင့် နိုင်ငံရေး လောကမှ စွန့်ခွာခဲ့သော်လည်း သူ၏ အကြမ်းမဖက်သည့် လမ်းစဉ်၊ အနုနည်းဖြင့် ကြိုးပမ်းချက်တို့ကြောင့် တရုတ်အစိုးရ၏ ရန်သူအဖြစ်သော်လည်းကောင်း၊ တိဗက်နှင့် တိဗက်မဟုတ်သူများ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိနေဆဲ ဖြစ်သည်။
ဒလိုင်းလားမား၏ အရိုက်အရာ ဆက်ခံမည့်သူ ဆက်လက်ရှိ၊မရှိ နှင့် ပတ်သက်၍ လွန်ခဲ့သည့် ၅ နှစ်ကပင် သုံးသပ်မှုများ ရှိလာခဲ့သည်။ ၎င်း အား ထောက်ခံသူများက အသက် ၈၅ နှစ်ရှိနေပြီဖြစ်သော ဒလိုင်းလားမား၏ အသက်ကြီးရင့်လာခြင်းအပေါ် စိုးရိမ်ကြသည်။ သို့သော်သူက အသက် ၁၁၃နှစ်အထိ ရှိနေဦးမည်ဟု ကတိပေးထားသည်။ ၁၈ ရာစုနှစ် လာမားကြီးကလည်း ယင်းကဲ့သို့ နိမိတ်ဖတ်ခဲ့သည်။ အရိုက်အရာဆက်ခံမည့် အခြေအနေအပေါ် ဒလိုင်းလားမားက ရှင်းလင်းစွာ ပြောမထားသော်လည်း ဒလိုင်းလားများ အစဉ်အလာသည် ဆက်လက်ရှိဦးမည်ဆိုသည့် အထောက်အထားများကို တွေ့နေရသည်။ နောက်ထပ် အရိုက်အရာ ဆက်ခံမည့်သူသည် တိဗက်ဒေသပြင်ပတွင် မွေးဖွားပြီး အမျိုးသမီး ဒလိုင်းလားမား ဖြစ်နိုင်ကြောင်း ဒလိုင်းလားမားက ပြောကြားထားသည်။ တိဗက်ပြည်သူအများစုက လိုလားပါက ဒလိုင်းလားမားအနွယ်သည် ဆက်လက်ရှိနေလိမ့်မည်ဟု ၁၄ ဆက်မြောက် ဒလိုင်းလားမားက အတည်ပြုထားသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် တိဗက်ဘာသာရေး ညီလာခံတွင် တိဗက်ဘာသာရေး ခေါင်းဆောင်များနှင့် တိဗက်ဗုဒ္ဓဘာသာရေးကျောင်းများမှ ကိုယ်စားလှယ်များက ဒလိုင်းလားမား အဆက်အနွယ် ဆက်လက်ထားရှိရန် တောင်းဆိုခဲ့ကြသည်။
၁၄ ဆက်မြောက် ဒလိုင်းလားမား အရိုက်အရာ တင်မြှောက်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှုသည် အာဏာကစားပွဲတစ်ခုထက် ပိုမိုသည်။ တစ်ဖက်သတ် မုန်းတီးမှုဖြင့် ဒလိုင်းလားမား အဆက်အနွယ်ကို ဖျက်ဆီးရန် အားထုတ်မှုပင် ဖြစ်သည်။ တိဗက်မျိုးစုများကို ဖျက်ဆီးရန် လုပ်ဆောင်ချက် ဖြစ်ပြီး စိတ်ဓာတ်ပျက်ပြားအောင်၊ ညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် အဝေးရောက် တိဗက်အစိုးရက ဦးဆောင်ကျင်းပသည့် တတိယအကြိမ် အထူး အထွေထွေအစည်းအဝေးတွင် တိဗက်ခေါင်းဆောင်နှင့် ကိုယ်စားလှယ် ၃၄၀ က တိဗက်တို့၏ ဒလိုင်းလားမား အရိုက်အရာ ဆက်ခံမှုတွင် တရုတ်၏ ဝင်ရောက်စွက်ဖက်ခြင်းကို လုံးဝကန့်ကွက်ခဲ့သည်။ အနာဂတ်တွင် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ဒလိုင်းလားမား အတုအပကို ထုတ်ပြလိမ့်မည်ဖြစ်သော်လည်း ယုတ္တိမတန်သည့် ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။














