မြန်မာပြည်ရဲ့ နိုင်ငံရေး လမ်းခုလတ်

မြန်မာပြည်ရဲ့ နိုင်ငံရေး လမ်းခုလတ်

မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းဟာ တလတာကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ လူပေါင်းများစွာ အဖမ်းခံခဲ့ရပြီး ယနေ့အချိန်ထိ လူ ၂၄ဦးထက်မနဲသေဆုံးခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်နဲ့ ဒီမိုကရေစီ ထိမ်းသိမ်းဖို့ဆိုတဲ့ စကားလုံးလှလှလေးသုံးစွဲပြီး လူပေါင်းမြောက်မြားစွာ ဒုက္ခရောက်ဆင်းရဲ ရောက်အောင် တွန်းပို့ခဲ့တဲ့ ယခုကိစ္စကြီးကို ဖန်တီးကြိုးကိုင်ခဲ့ကြသူတွေအနေနဲ့ ယခုလို ဖြစ်ပျက်နေတာတွေ ကြုံကြရတဲ့အခါ နိုင်ငံကောင်းကျိုးတကယ်ဖြစ်နေပါရဲ့လား၊ ပြည်ထောင်စုမပြိုကွဲဖို့ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါး ဦးထိပ်ထားပါတယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့လုပ်ရပ်တွေဟာ ပြည်ထောင်စုပြိုကွဲဖို့အခြေအနေ ရောက်နေပြီဆိုတာကိုရော သတိပြုမိကြပါရဲ့လား၊ တကယ်မျှော်မှန်းထားတာနဲ့ရော ကိုက်ညီနိုင်ပါမလားဆိုတာ အင်မတန် သုံးသပ်သင့်နေပြီပဲဖြစ်တယ်လို့ ဦးစွာ ပြောလိုပါတယ်။

ကုန်လွန်ခဲ့တဲ့ တလတာကာလ ကိုအပိုင်းသုံးပိုင်းခွဲပြီး အကျဉ်းချုပ်ကြည့်ကြရရင် …

ပထမအပတ် (ဖေ ၁- ဖေ၁၀) - အာဏာသိမ်းစစ်ကောင်စီကနေ အာဏာတည်ဆောက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့သလို တဖက်ကလဲ တိုင်းပြည်တွင်းက Stake holder တွေကိုသူ့ရဲ့အာဏာ ထောက်တိုင် ခိုင်မာဖို့ စည်းရုံးနေခဲ့တယ်။ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတည်ဆောက်နေခဲ့သလို တဖက်ကလဲ အုံကြွစပြုလာတဲ့ လူထုကို စတင်ဖိနှိပ်လာခဲ့တဲ့ အဲဒီအတောအတွင်းမှာ ပထမဆုံးသော သွေးမြေကျမှုအဖြစ် တွေဖြစ်ပေါ်လာ ခဲ့ရတယ်။ တဖက်ကနေလည်း လူထုကိုယ်စားလှယ်တွေကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုတဲ့ CRPH ဖြစ်ပေါ်လာခဲ့သလို ပြည်နယ်နဲ့တိုင်းအသီးသီးမှာလဲ လွှတ်တော်ကိုယ်စားပြုကော်မတီတွေ ဖွဲပြီး နိုင်ငံရေး ခြေလှမ်း စတင်လာတယ်။

ဒုတိယအပတ် (ဖေ ၁၁- ဖေ ၂၀) - လူထုရဲ့ အာဏာဖီဆန်ရေးအရှိန်အဟုန်မြင့်တက်လာသလို ဝန်ထမ်းတွေရဲ့ CDM လုပ်ရှားမှုပိုမို ထိရောက်လာတဲ့အတွက် ဝန်ထမ်းတွေကို ညတွေမှာပါ ဖမ်းဆီးတာတွေလုပ်လာကြတယ်။ လူထုနဲ့ ထိပ်တိုက်တွေ့တဲ့ဖြစ်စဉ်တွေစိပ်လာတယ်။ မြန်မာပြည်မှာ ဖိရင်ပိုကြွတယ် ဆိုတဲ့သဘောတရား အတိုင်း ရဟန်းရှင်လူတွေဟာ ပထမပတ်ထက်စာရင် ပိုမိုများပြားစွာလမ်းပေါ်ရောက်လာတယ်။ တဖက်မှာလဲ လွှတ်တော်ကိုယ် ကိုယ်စားပြုတဲ့ CRPHရဲ့ ဖြစ်တည်မှု ပိုမိုရုပ်လုံးပေါ်လာပြီး တန်ပြန်လုပ်ရှားမှုတွေပိုမိုပြုလုပ်လာ နိုင်ခဲ့တယ်။

တတိယပတ် (ဖေ ၂၁ - ဖေ၂၈) - ဒုတိယပတ်အလည်လောက်မှာ တုံ့သလိုရှိခဲ့တဲ့ လူထုဟာ တတိယပတ်မှာ ပိုမို စနစ်တကျစုစည်းမိပြီး အာဏာဖီဆန်ရေးကို ဆက်လက်လုပ်ဆောင်ကြခဲ့သလို၊ ဝန်ထမ်းများကလည်း CDMမှာ ပိုမိုများပြားစွာ ပါဝင်လာကြတယ်။ တဖက်ကလဲ အဲဒီရဲ့အကျိူးဆက်အဖြစ် ပိုမိုသွေးမြေကျမှုတွေဖြစ်ပေါ်လာပြီး ပေါင်းစပ်ဖို့အခြေအနေ ပိုမိုဝေးကွာသွားခဲ့ရတယ်။ CRPH ကနေ လူထည့်ကစားမှုတွေ စတင်ပြုလုပ်လာတဲ့ အကျိုးဆက်အနေနဲ့ နို်ငငံတာကမျက်နှာစာကိုတော့ စတင်အသာစီးရယူလာနိုင်ခဲ့တယ်။ အဲတာနဲ့အပြိုင် လူထု လှုပ်ရှားမှုပိုမို အားကောင်းလာစေရေး ရည်ရွယ်ပြီး အထွေထွေသပိတ်ကော်မတီ (GSC/ GSC-N) ပေါ်ပေါက်လာပါတယ်။

ပေးထားချက်များအား သုံးသပ်ခြင်း

လက်ရှိအနေအထားမှာ လူထုဟာ ရွေးကောက်ပွဲရလဒ်နဲ့ အဖမ်းဆီးခံများလွှတ်မြောက်ရေးအဆင့်ထက် ပိုမို ကျော်လွန်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို စတင်မျှော်မှန်းနေတဲ့ကာလပဲ ဖြစ်တယ်။ တခုပဲစိုးရိမ်ကြတာက “အလှမ်းကျယ်လို့ အလယ်လပ်” သွားတာမျိုးဖြစ်မှာ မလိုလားကြတာ တခုပါပဲ။ ဥပမာအားဖြင့် ပြောရရင် အထွေထွေသပိတ်ကော်မတီ ပေါ်ပေါက်လာတာဟာ ဒီပိုမိုကျယ်ပြန်သော နိုင်ငံရေးမူဘောင်ကို ဖော်ဆောင်ကြဖို့ ပေါ်ပေါက်လာတယ်လို့ ပြောရရင်မမှားပါဘူး။ ဒီလိုအခင်းအကျင်းအနေအထားမျိုးမှာ ရှိနေတဲ့ Stake holders တွေရဲ့အနေအထားကို ပြန်လည်သုံးသပ်ရရင်..

CRPH – ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဖြစ်လို့ လူထုအာဏာကို ကိုယ်စားပြု ထားတယ်။ Legitimacy ရထားတဲ့အတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်အမြင့်မားဆုံးဖြစ်တယ်။ လူထုရဲ့ တခဲနက်ထောက်ခံမှု ရထားတယ်။ သို့သော် သမ္မတကြီးနဲ့ အတိုင်ပင်ခံအပါအဝင် အထိမ်းသိမ်းခံတွေကိုငှဲ့နေရခြင်း၊ ကော်မတီဝင်များမှ နိုင်ငံရေးဆိုင်ရာ ခြေလှမ်းများ လှမ်းရန်/ ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာများတွင် နို်ငငံရေးသဘာနုသေးခြင်း၊ ခြေလှမ်းကျဲကျဲ အလှမ်းမှားမိမည်ကို ချိန်ဆနေရခြင်း စသည်တို့ကြောင့် အနည်းငယ် အထနှေးနေသေးပါတယ်။

GSC/GSC-N - ခေတ်နဲ့အချိန်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ သပိတ်ကော်မတီဖြစ်တယ်။ နိုင်ငံရေးအမြင်နဲ့ မျှော်မှန်းချက် ကျယ်ပြန့်တယ်။ လွတ်လပ်တဲ့ နိုင်ငံရေးခြေလှမ်းမျိုးလှမ်းလိုတယ်။ သို့သော် နိုင်ငံရေးနယ်ပယ်ထဲက အားပေးမှုကလွဲလို့ လူထုထောက်ခံမှု ရတာ နည်းသေး တယ်။ ပါဝင်တဲ့ ကိုယ်စားပြုသူတွေနဲ့ အဖွဲ့တွေဟာ သီးခြားစီလာရောက် စုပေါင်းထားတာမို့ ရေရှည်သွားရင် ခေါင်းဆောင်မှု အားနည်းမှာ စိုးရိမ်ရတယ်။ လူထုကြားမှာ ပုံရိပ်ကောင်း တည်ဆောက်ဖို့လိုတယ်။

လူထု - ပြည်သူ+ဝန်ထမ်း+အရပ်ဖက်အဖွဲ့တွေပေါင်းစုထားတဲ့ လူထုဟာ တိုက်ပွဲကာလ တလတာကြာခဲ့ပြီမို့ ကာယပိုင်းနွမ်းနယ်နေကြပြီး အစပိုင်းမှာတော့ ‘ကုလများဝင်လာတော့မလား၊ ဟိုတိုင်းရင်းသား လက်နက်ကိုင်ကများ ဝင်ကူမလား’ စတဲ့ အားကိုးမျှော်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဘယ်သူမှ ဝင်ကူမယ့်ပုံ မပေါက်တဲ့အခါမှာတော့ စိတ်ကတော့ ထောင်းလေမာလေ ငါးဖယ်တေ ဆိုသလို ကိုယ်ထူကိုယ်ထနဲ့ တယောက်ကို တယောက်ဖေးမပြီး စုဖွဲ့မှုအား ပိုမိုကောင်းလာခဲ့တဲ့ ပြည်သူလူထုဟာ ချစ်စရာလဲကောင်းသလို အမာကျောဆုံးနဲ့ ချီးကျူးစရာအကောင်းဆုံးပဲဖြစ်ပါတယ်။

ဖြစ်သင့်သည့် အခင်းအကျင်း

နိုင်ငံရေးအရ ခြေချုပ်မိနေသည့် CRPH အနေဖြင့် ခြေလှမ်းတွင်တွင်လှမ်းနိုင်ရန် …

(၁) အင်္ဂါစုံညီသော ပြည်ထောင်စုအစိုးရတရပ် အမြန်ဖွဲ့စည်းရပါမယ်။

(၂) အထွေထွေသပိတ်ကော်မတီနှင့် ညှိနှိုင်းပြီး နိုင်ငံရေးအရ လူထုကို ညွှန့်ပေါင်းဦးဆောင်မှုပေးရပါမယ်။

(၃) တိုင်းရင်းသား လက်နက်ကိုင်များနဲ့ အမြန်ဆုံးညှိနှိုင်းမှုများပြုလုပ်ရပါမယ်။

(၄) စစ်ကောင်စီကို အသိမှတ်မပြုသော နိုင်ငံရေးပါတီများနဲ့ ညှိနှိုင်းပူပေါင်းမှုများ မိမိဖက်ကစတင်သင့်ပါတယ်။

ဒါတွေကို လုပ်ဆောင်ပြီးသွားပြီးဆိုရင်တော့ နောင်ဖြစ်လာနို်ငသော အခင်းအကျင်းများအတွက် ပြင်ဆင်တဲ့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပယ်ဖျက်ခြင်းနဲ့ အသစ်ပြန်လည်ရေးဆွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း တွေကို ပညာရှင်များအား ကြိုတင် တာဝန်ပေးထား သင့်ပါတယ်။ ချုပ်ပြောရရင် CRPH ကနေ CDMကိစ္စတွေနဲ့ လူထုတိုက်ပွဲကိစ္စတွေကို ပြည်နယ်/တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများနဲ့ အထွေထွေသပိတ်ကော်မတီများ တို့ကို လက်လွှဲထားပြီး အခြားသော အဖွဲ့အစည်းများ(ပါတီ+ EAOs+ အထွေထွေသပိတ်ကော်မတီ) အစရှိတဲ့သူတို့ရဲ့ အသံများ နားစွင့်ရင်းနဲ့ နိုင်ငံရေးကဏ္ဍကို ကြပ်ကြပ်မတ်မတ် ဦးဆောင်ဦးရွက် ပြုသွားဖို့ပဲ ဖြစ်တယ်။ လူထုရဲ့တော်လှန်ရေး ဒီရေအတက်အကျဟာ CRPH ရဲ့နိုင်ငံရေးချိန်သားကိုက်မှုအပေါ် အများကြီး ဆက်နွယ်နေတယ်ဆိုတာ ကြပ်ကြပ်မတ်မတ်တွေးထားကြဖို့ပါပဲ။

ထို့အတူ အထွေထွေသပိတ်ကော်မတီနဲ့ နို်ငငံရေးဆိုင်ရာ ခြေလှမ်းများတွင် CRPH ကို အထောက်အကူဖြစ်အောင် ဘေးမှပံ့ပိုးပေးပြီး၊ ပြည်နယ်နှင့်တို်ငးကိုယ်စားပြု လွှတ်တော်ကော်မတီများနှင့်အတူ တဖက်တွင် CDM ဝန်ထမ်းများအရေး၊ ဖမ်းဆီးခံများလွှတ်မြောက်ရေးနဲ့ လူထုတိုက်ပွဲအရှိန်အဟုန်မြှင့်ဖို့စတာတွေကို တာဝန်ခွဲဝေယူကြဖို့လိုပါမယ်။ CRPH ၏အပြိုင်သဘောမျိုးသက်ရောက်စေသော (ထိုသို့ရည်ရွယ်ကြသည် မဟုတ်သော်လည်း လူထုမှထိုသို့မမြင်စေရန်) ခေါင်းဆောင်မှုကဏ္ဍ ရယူတာထက် CRPH နှင့်လက်တွဲကာ နောင်လာလတ္တံ့သော အစိုးရအဖွဲ့မျိုးကျယ်ပြန့်စွာ ဖွဲ့စည်းရန်နှင့် အခြေခံ ဥပဒေသစ်ရေးဆွဲရေး အပိုင်းအား အာရုံပြု ပြင်ဆင်ထားကြရန် လိုအပ်ပါမယ်။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ လူထုပဲဖြစ်တယ်။ လူထုအနေနဲ့ မိမိတို့ပန်းတိုင်ဖြစ်တဲ့ အရပ်သားအစိုးရ လက်ထဲ အာဏာပြန်မရောက်မချင်း အာဏာဖီဆန်မှုများကို ဒီရေအနိမ့်အမြင့်ကိုလိုက်ပြီး စီးမျောသော ဗေဒါပန်းပင်ကဲ့သို့ အယက်အကန်ခံရပေမယ့် ပါးနပ်စွာလုပ်ဆောင်ရပါမယ်။ မိမိတို့ဖက်မှ အထိအခိုက်အနာအဆာ အနည်းဆုံးဖြစ်အောင် ကျိုးစားရပါမယ်။ဒီလိုကဏ္ဍမျိုးမှာတော့ ၈၈ ငြိမ်းပွင့်နှင့် GenZ တို့ကလည်း တက်လွန်းလို့ကျွံလဲမသွားရအောင်၊ ဆုတ်လွန်းလို့ စစ်ဦးကျိုးသွားတယ်လဲ မဖြစ်ရလေအောင် “ရေကဲ့သို့” ကျင့်ကြံကြဖို့ရန် လူထုအား ဦးဆောင်မှု ပေးဖို့ပဲဖြစ်ပါတယ်။ ဒီလိုသာ တွဲလက်ညီညီလုပ်ဆောင်ကြမယ် ဆိုရင်ဖြင့် မျှော်မှန်းပန်းတိုင်ဟာ မနှေးအမြန် ရောက်မှာမလွဲပါဘူးလို့ သုံးသပ်မိပါတယ်။

ဒဲရစ်

၀၂ မတ် ၂၀၂၁ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required