လူသေဆုံးစေသည့် အကြမ်းဖက်ဖြိုခွင်းမှုအတွက် မြန်မာသံအမတ်ကို ဂျာမနီ ဆင့်ခေါ်ပြီး ရှုတ်ချ

လူသေဆုံးစေသည့် အကြမ်းဖက်ဖြိုခွင်းမှုအတွက် မြန်မာသံအမတ်ကို ဂျာမနီ ဆင့်ခေါ်ပြီး ရှုတ်ချ
Photo: AFP

မတ် ၂

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များက လူသေဆုံးစေသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်ပြီး ဂျာမနီအစိုးရက တနင်္လာနေ့တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့သည်။ ထို့ပြင် ဂျာမနီအစိုးရသည် မြန်မာသံအမတ်ကြီးကိုပါ ဆင့်ခေါ်ကာ ထိုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ပြောခဲ့သည်ဟု သိရသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အဲဒီလိုမျိုး သေစေတဲ့အထိ အကြမ်းဖက်မှုမျိုးက လျော်ကန်တယ်ဆိုပြီး အကြောင်းပြချက် ပေးလို့မရပါဘူး” ဟု ဂျာမနီ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဆီးဘာ့တ်က ပြောသည်။

ထို့ပြင် ထိုကဲ့သို့ ဖြိုခွင်းမှုမျိုးအတွက် အံ့သြတုန်လှုပ်မိကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတွင် ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေးနှင့် အာဏာသိမ်းစစ်တပ် အာဏာပြန်စွန့်လွှတ်ရေးအတွက် တောင်းဆိုနေသော ကြီးမားသည့် လမ်းပေါ်ထွက် လူထုဆန္ဒပြလှုပ်ရှားမှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အခြေအနေသည် သိသိသာသာ မြင့်တက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက အနည်းဆုံး မြို့ကြီးလေးခု၌ ဆန္ဒပြသူများကို အသက်သေဆုံးသည်အထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ပြစ်တင်ရှုတ်ချသွားရင်းဖြင့် ဂျာမနီအစိုးရသည် မြန်မာစစ်အာဏာသိမ်းအုပ်စုကို ယင်း၏ ဖြိုခွင်းနှိမ်နင်းမှုများ ရပ်ဆိုင်းရေးနှင့် တတ်နိုင်သမျှ ထိန်းသိမ်းသည်းခံရေး တိုက်တွန်းခဲ့သည်။

ထို့ပြင် ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ဒီမိုကရေစီလုပ်ငန်းစဥ်တစ်ခုဆီ ပြန်သွားရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဘာလင်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့သည်။

“ဒီ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ဖို့အတွက် ဒီကနေ့မှာပဲ ကျွန်တော်တို့ဟာ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်” ဟု ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနမှ ပြော‌‌ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly