ဝီဂါများအပေါ် တရုတ်နိုင်ငံ၏ ပြုမူဆက်ဆံမှုအား “လူမျိုးတုန်း သတ်ဖြတ်မှု” အဖြစ် နယ်သာလန် ပါလီမန်က သတ်မှတ်လိုက်ခြင်းအား အမေရိကန် သံတမန်ဟောင်းက ကြိုဆိုလိုက်

ဝီဂါများအပေါ် တရုတ်နိုင်ငံ၏ ပြုမူဆက်ဆံမှုအား “လူမျိုးတုန်း သတ်ဖြတ်မှု” အဖြစ် နယ်သာလန် ပါလီမန်က သတ်မှတ်လိုက်ခြင်းအား အမေရိကန် သံတမန်ဟောင်းက ကြိုဆိုလိုက်
Photo: EPA

Xinjiang ပြည်နယ်ရှိ Uyghur (ဝီဂါ) မွတ်ဆလင်များ ရင်ဆိုင်နေရသော ရက်စက်မှုများအား လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် နယ်သာလန် ပါလီမန်က ဆုံးဖြတ်လိုက်ခြင်းအပေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံတမန်အကြီးအကဲဟောင်း ဆမ် ဘရောင်းဘက်က လွန်ခဲ့သော သောကြာနေ့တွင် ကြိုဆိုချီးမြှောက်လိုက်သည်။

အခြားသော ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် “သူတို့ကို စံနမူ ယူလိုက်ပါ” ဟုလည်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ “တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝီဂါမွတ်ဆလင်တွေအပေါ် ပြုမူဆောင်ရွက်မှုတွေကို နယ်သာလန် ပါလီမန်က လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်လိုက်ခြင်းဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါ။ အခြား ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ကို စံနမူနာ ထားသင့်ပါတယ်” ဟု ၎င်း၏ တွစ်တာ စာမျက်နှာတွင် ဘရောင်းဘက်က ရေးသားဖော်ပြထားသည်။ ဝီဂါ လူနည်းစု မွတ်ဆလင်များအပေါ် ကျူးလွန်သော တရုတ်အစိုးရ၏ ဆက်ဆံမှုများသည် “လူမျိုးတုန်း သတ်ဖြတ်မှု” တစ်ခုဖြစ်သည်ဟူသော အဆိုတစ်ရပ်အား နယ်သာလန် ပါလီမန်က လွန်ခဲ့သော ကြာသပတေးနေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ နယ်သာလန်နိုင်ငံသည် ထိုသို့သော ဆောင်ရွက်မှုကို ပြုလုပ်ခဲ့သည့် ပထမဆုံးသော ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဥပဒေအဖြစ် အတည်ပြုရန် မလိုအပ်သည့် ဤအဆိုပြုချက်သည် အခြားသော ဥရောပ ပါလီမန်များကိုလည်း အလားတူ ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ရန် တွန်းအားပေးနိုင်ပါသည်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုသည်မှာ နိုင်ငံသားတစ်စု၊ လူမျိုးတစ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်စုအား အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ဒေသ ဖျက်ဆီးရန်အတွက် ရည်ရွယ်ချက်ရှိရှိ စီမံဆောင်ရွက်သော ပြစ်မှုများကို ကျူးလွန်ခြင်းဖြစ်သည်။

နယ်သာလန်အစိုးရသည် Xinjiang ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသအတွင်းရှိ အခြေအနေများအား လူမျိုးတုန်းသတ်ဖြတ်မှုတစ်ရပ်အဖြစ် ကြေညာရန် အဆင်သင့်မဖြစ်သေးဟု လွန်ခဲ့သော သတင်းပတ်အတွင်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက် ဘလော့က ပြောကြားပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ဤအခြေအနေသည် လူမျိုးတုန်းသတ်ဖြတ်ခြင်းမဟုတ်ဘဲ “ဝီဂါများအပေါ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသာ ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

Uyghur (ဝီဂါ) မွတ်ဆလင်များအား ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်၍ ၎င်းတို့၏ ဘာသာရေး လှုပ်ရှားမှုများအပေါ် ဟန့်တားနှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ဝါဒမှိုင်း သွတ်သွင်းခြင်းများအတွက် ကမ္ဘာတစ်လွှားမှ အပြစ်တင် ဝေဖန်မှုများအား တရုတ်နိုင်ငံက ရင်ဆိုင်ရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly